မျိုးသုဉ်းလုနီး ကျားများ၏အရိုးနှင့် ကြံ့ဦးချိုတို့ဖြင့် ပြုလုပ်သော ထုတ်ကုန်ပစ္စည်းများကို အထူးအခြေအနေများအရ ရောင်းဝယ်ဖောက်ကားခွင့်ပေးမည်ဖြစ်ကြောင်း တရုတ်အစိုးရက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
တရုတ်အစိုးရသည် ကျားရိုးနှင့် ကြံ့ဦးချိုများရောင်းဝယ်ဖောက်ကားခွင့်ကို ဥပဒေပြဌာန်းကာ ပိတ်ပင်ခဲ့ပြီးဖြစ်သော်လည်း တရုတ်ဝန်ကြီးအဖွဲ့၏ အောက်တိုဘာ ၂၉ ရက် ထုတ်ပြန်ချက်အရ ဆေးပညာသုတေသနနှင့် ရောဂါကုသရေးတို့အတွက် စနစ်တကျမွေးမြူထားသည့် ကျားနှင့် ကြံ့များမှရရှိသော ထုတ်ကုန်များကိုမူ ရောင်းဝယ်ဖောက်ကားခွင့်ပြုကြောင်း ဖော်ပြထားသည်။
အထူးအခြေအနေများအရ ယင်းထုတ်ကုန်များရောင်းချမှုနှင့် အသုံးပြုမှုတို့အပေါ် စည်းကြပ်ခြင်းကို တင်းကျပ်မည်ဖြစ်ပြီး ရောင်းဝယ်ဖောက်ကားမှုပမာဏကို တင်းကျပ်စွာထိန်းချုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရောဂါကုသရာတွင် ထိရောက်မှုရှိကြောင်း သိပ္ပံနည်းကျအထောက်အထားများမရှိသော်လည်း တရုတ်တိ်ုင်းရင်းဆေးပညာတွင် ကျားရိုးနှင့် ကြံ့ဦးချိုတို့ကို အသုံးပြုမှုများရှိနေသည်။
တရုတ်အစိုးရသည် ဆင်စွယ်ရောင်းဝယ်ဖောက်ကားမှုကို ယခုနှစ်အစောပိုင်းမှစ၍ ပိတ်ပင်ခဲ့သော်လည်း နိုင်ငံတွင်း ဆင်စွယ်ဝယ်လိုအားမြင့်တက်မှုကြောင့် အာဖရိကတွင် ဆင်များသတ်ဖြတ်ခံရမှုနှုန်းမြင့်တက်လာခဲ့သည်။
ကျားရိုးနှင့် ကြံ့ဦးချိုရောင်းဝယ်ဖောက်ကားမှုအား ပြန်လည်ခွင့်ပြုလိုက်ခြင်းနှင့်ပတ်သက်၍ တရုတ်အစိုးရက အကြောင်းအရင်းတစ်စုံတစ်ရာထုတ်ပြန်ခြင်းမပြုခဲ့ချေ။ တစ်ကမ္ဘာလုံးတွင် လျင်မြန်စွာပျောက်ကွယ်နေသည့် မျိုးသုဉ်းလုနီးတိရစ္ဆာန်များကို ကာကွယ်ရန်အတွက် ကျားရိုးနှင့် ကြံ့ဦးချိုရောင်းဝယ်ဖောက်ကားမှုကို ၁၉၉၃ ခုနှစ်တွင် ပိတ်ပင်ခဲ့သည်။
ပိတ်ပင်မှုရုပ်သိမ်းလိုက်သောကြောင့် တစ်ကမ္ဘာလုံးတွင် ဆိုးကျိုးများရှိလာနိုင်ပြီး မှောင်ခိုသမားများသည် ဥပဒေကြောင်းအရ ခွင့်ပြုထားခြင်းကို အခွင့်ကောင်းယူပြီး ကျားနှင့် ကြံ့များကို သတ်ဖြတ်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ကပြောဆိုခဲ့သည်။

















