လူနာတစ်ရာကျော်ကိုသတ်ဖြတ်မှုဖြင့် ဂျာမနီသူနာပြု နီးလ် ဟိုဂယ်ကို ရုံးတင်စစ်ဆေးမည်

လူနာတစ်ရာကျော်ကိုသတ်ဖြတ်မှုဖြင့် ဂျာမနီသူနာပြု နီးလ် ဟိုဂယ်ကို ရုံးတင်စစ်ဆေးမည်

လူနာတစ်ရာကျော်ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုဖြင့် ဂျာမနီသူနာပြု အမျိုးသားနီးလ် ဟိုဂယ်ကို နိုင်ငံမြောက်ပိုင်း အိုဒန်ဘာ့ဂျ်မြို့တွင် ရုံးတင်စစ်ဆေးသွားမည်ဖြစ်သည်။

အသက် ၄၁ နှစ်အရွယ် နီးလ် ဟိုဂယ်သည် ဂျာမနီမြောက်ပိုင်းဆေးရုံနှစ်ရုံ၌ တာဝန်ကျစဉ် လူနာများကို ဆေးအလွန်အကျွံထိုးကာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ဆိုသည်။

လူနာများကို ဆေးလွန်အောင် ထိုးပြီး အရေးပေါ်အခြေအနေဖြစ်အောင် ဖန်တီးကာ ထိုလူနာများကိုပင် ၎င်းကိုယ်တိုင် ပြန်ကယ်ပြီး အခြားသောလုပ်ဖော်ကိုင်ဖက်များရှေ့တွင် ဂုဏ်ခံချင်၍ လုပ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ဆိုသည်။     

ဟိုဂယ်သည် ဆေးအလွန်အကျွံထိုးမှုကြောင့် သေဆုံးရသည့် လူနာများအမှုနှင့် ပတ်သက်ပြီးထောင်ဒဏ် တစ်သက် ချမှတ်ခံထားရပြီးလည်းဖြစ်ကာ ယခု ရုံးထုတ်စစ်ဆေးမှုသည် နောက်ထပ် သေဆုံးလူနာများနှင့် ပတ်သက်နေသည်။ 

သေဆုံးလူနာများ၏ ရုပ်အလောင်းများကို စစ်ဆေးအတည်ပြုချက် ရယူပြီးနောက် အမှုသစ်များဖြင့် ထပ်မံစစ်ဆေးခြင်းဖြစ်ပြီး လာမည့်နှစ် မေလခန့်ထိ  ကြာမြင့်နိုင်သည်။ ၁၉၉၉ မှ ၂၀ဝ၅ ခုနှစ်အတွင်း ဟိုဂယ်သည် အိုဒန်ဘာ့ဂျ်တွင် လူနာ ၃၆ ဦး၊ ဒယ်မန်ဟော့စ်တွင် ၆၄ ဦးထိ သတ်ဖြတ်ခဲ့ကြောင်း စွဲချက်အသစ်များတွင် ဖော်ပြထားသည်။ 

ပြစ်မှုထင်ရှားပါက ဟိုဂယ်သည် ဂျာမနီတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူအများဆုံးသတ်ဖြတ်သည့် လူသတ်ကောင်စာရင်းဝင်မည် ဖြစ်သည်။ ဟိုဂယ်ကြောင့် သေဆုံးခဲ့ရသူပမာဏသည် ယခုထက်ပင်  ပိုများနိုင်ကြောင်း၊ အချို့လူနာများကို မီးသဂြိုဟ်ခဲ့သဖြင့် အထောက်အထား ကောက်ယူမရနိုင်တော့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောသည်။ 

ဟိုဂယ်သည် ၂၀ဝ၅ ခုနှစ်က လူနာတစ်ဦးကို ဆရာဝန်ညွှန်ကြားခြင်းမရှိသောဆေးများ ထိုးနေသည်ကို ပထမဆုံးလက်ပူးလက်ကြပ် မိခဲ့ရာမှ စတင်ပြီး ၎င်း ကျူးလွန်ခဲ့သည့် ပြစ်မှုကွင်းဆက်များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။