လိုင်းယန်းလေယာဉ်ပျက်ကျမှု ခေတ်မီကိရိယာများနှင့် ရှာဖွေရေးလုပ်၊ ပျက်မကျမီ ယင်းလေယာဉ်အခြားခရီးစဉ်၌လည်း စက်ချွတ်ယွင်းခဲ့ဟုဆို

လိုင်းယန်းလေယာဉ်ပျက်ကျမှု ခေတ်မီကိရိယာများနှင့် ရှာဖွေရေးလုပ်၊ ပျက်မကျမီ ယင်းလေယာဉ်အခြားခရီးစဉ်၌လည်း စက်ချွတ်ယွင်းခဲ့ဟုဆို

အင်ဒိုနီးရှားမှ လိုင်းယန်းလေကြောင်းပိုင် ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်ပျက်ကျမှုကို ဒရုန်းများ၊ ဆိုနာများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။ လေယာဉ်ပေါ်ပါသူ ၁၈၉ ဦးစလုံး သေဆုံးခဲ့ပြီဟု မှတ်ယူရသည့်ပျက်ကျမှုမှ ယင်းလေယာဉ်သည် လွန်ခဲ့သည့်ပျံသန်းမှုတွင်လည်း အင်ဂျင်ပြဿနာနှင့် ကြောက်မက်ဖွယ်အတွေ့အကြုံရှိခဲ့ကြောင်း ခရီးသည်များက ပြောဆိုကြသည်။

ခရီးသည်တစ်ဦးဖြစ်သူ အင်ဒိုနီးရှားရုပ်သံအစီအစဉ်မှူး ခွန်ချီတာကာရိုလိုင်းက အောက်တိုဘာ ၂၈ ရက်၌ ယင်းလေယာဉ်ဖြင့်လိုက်ပါခဲ့စဉ် စက်မှုပြဿနာကြောင့် ပျံမတက်မီ ရပ်နားနေရာပြန်လည်သွားရောက်ခဲ့ရကာ တစ်နာရီကျော် အချိန်နောက်ကျခဲ့ကြောင်း၊ ခရီးသည်များ ဆင်းပေးခဲ့ရပြီး ပုံမှန်မဟုတ်သည့်အင်ဂျင်သံကို နာရီဝက်ကြာ ကြားခဲ့ရကြောင်း၊ ယင်းနောက်မှ လေယာဉ်ပေါ်ပြန်တက်ခွင့်ရကာ လေယာဉ်ပျံတက်ခဲ့ကြောင်း အွန်လိုင်းပေါ်တွင် ရှင်းပြခဲ့သည်။

ယင်းနောက်တစ်ရက် အောက်တိုဘာ ၂၉ ရက်၌ ပျံတက်ခဲ့ပြီး ၁၃ မိနစ်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကာ ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို ရှာဖွေနေဆဲဖြစ်သည်။ သက်တမ်းနှစ်လသာရှိသေးသည့် လေယာဉ်ကိုမောင်းနှင်သည့် လေယာဉ်မှူးများက ပျံတက်ပြီး ၃ မိနစ်ခန့်၌ ပြန်လည်ဆင်းသက်ခွင့်ပြုရန် လေကြောင်းထိန်းကို မေတ္တာရပ်ခံခဲ့သည်။

ရေအနက်မီတာ ၃၀(၁၁၅ ပေ)ရှိသည့် ရေပြင်တွင်ပျက်ကျခဲ့သည် လေယာဉ်ကိုယ်ထည်နှင့် ပျံသန်းမှုမှတ်တမ်းတင် ကိရိယာကို ရှာဖွေတွေ့ရှိရန် အချိန်ကြာမြင့်ဦးမည်မဟုတ်ဟု မျှော်လင့်ရသည်။

ယခုပျက်ကျမှုသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ဆူယာဘာယာမှ စင်ကာပူသို့ပျံသန်းသည့် အဲအေးရှားလေယာဉ်ပျက်ကျ၍ ၁၆၂ ဦးသေဆုံးခဲ့ရသည့်နောက် အင်ဒိုနီးရှားတွင် အဆိုးရွားဆုံး လေကြောင်းမတော်တဆမှုဖြစ်သည်။

ယင်းလေယာဉ်ပျက်ကျမှုသည် လျင်မြန်စွာတိုးတက်နေသည့် အင်ဒိုနီးရှားလေကြောင်းပို့ဆောင်ရေးလောကအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပြန်လည်ပေါ်ပေါက်လာသည်။ ဘေးမကင်းမှုကြောင့် အင်ဒိုနီးရှားလေကြောင်းလိုင်းများကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ဆင်းသက်ခွင့်ပိတ်ပင်ထားရာမှ ပြန်လည်ဖွင့်လှစ်ပေးထားသည်မှာ မကြာသေးပေ။

လိုင်းယန်းလေကြောင်းသည် အင်ဒိုနီးရှားတွင် အသစ်လွင်ဆုံးနှင့် အကြီးဆုံးလေကြောင်းလိုင်းများတွင် ပါဝင်ပြီး ယခုနှစ် စောစောပိုင်းက ဘိုးအင်းမှ ဒေါ်လာ ၆ ဒသမ ၂ ဘီလျံတန်၊ ကိုယ်ထည်သွယ် လေယာဉ်သစ် ၅၀ ဝယ်ယူရန် အတည်ပြုခဲ့သည်။