တစ်စိတ်တစ်ပိုင်းသာ တည်ဆောက်ရသေးသောလေဆိပ်သစ်ကို မက္ကဆီကိုသမ္မတသစ် ရပ်ဆိုင်း

တစ်စိတ်တစ်ပိုင်းသာ တည်ဆောက်ရသေးသောလေဆိပ်သစ်ကို မက္ကဆီကိုသမ္မတသစ် ရပ်ဆိုင်း

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးတွင် တစ်စိတ်တစ်ပိုင်းသာ တည်ဆောက်ရသေးသော လေဆိပ်သစ်ကို ပြည်သူ့ဆန္ဒခံယူပွဲဆုံးဖြတ်ချက်အရ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရွေးကောက်ပွဲအနိုင်ရရှိထားသည့် သမ္မတသစ်က ကြေညာထားသည်။ 

သမ္မတသစ် အန်ဒရီမန်နျူရယ် လိုပက်ဇ် အော်ဘရေဒါသည် လာမည့် ဒီဇင်ဘာတွင်မှ ရာထူးတာဝန်စတင် ထမ်းဆောင်ရမည်ဖြစ်သည်။ လေဆိပ်သစ်အတွက် အသုံးပြုမည့် ငွေများကိုအခြားနေရာများတွင် အသုံးပြုသွားမည်ဟုလည်း မစ္စတာလိုပက်ဇ် အော်ဘရေဒါက ပြောသည်။

လေဆိပ်သစ် စီမံကိန်းသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သလို၊ အကျင့်ပျက်ခြစားမှုများလည်း ပါဝင်နေသည်ဟု မစ္စတာလိုပက်ဇ် အော်ဘရေဒါက ပြောသည်။ 

လေဆိပ်သစ် ဆက်လက်တည်ဆောက်သင့် မသင့် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရေးသည် ၎င်း၏ ရွေးကောက်ပွဲ မဲဆွယ်ကတိများထဲ၌လည်း ပါဝင်သည်။ ဆန္ဒခံယူပွဲကို လေးရက်ကြာကျင်းပခဲ့ပြီး လူတစ်သန်းကျော် မဲထည့်ခဲ့ကြသည်။

မြို့တော် မက္ကဆီကိုစီးတီးအရှေ့မြောက်ဘက် တက်စ်ကိုကိုတွင် တည်ဆောက်နေသော လေဆိပ်သစ်အတွက် ခန့်မှန်းကုန်ကျစရိတ်သည် ဒေါ်လာ ၁၃ ဘီလျံဖြစ်သည်။

မကြာခင် ရာထူးမှ ဆင်းရတော့မည့် လက်ရှိသမ္မတအဲနရစ် ပီနာနစ်တိုကမူ လေဆိပ်သစ်သည်  နိုင်ငံတွင်းအလုပ်အကိုင် လေးသိန်းခွဲခန့် ဖန်တီးပေးနိုင်မည်ဖြစ်သလို၊ လေဆိပ်ဟောင်းတွင် ဝန်နှင့်အားမမျှသည်ကိုလည်း ဖြေရှင်းပေးနိုင်မည်ဖြစ်ကာ မက္ကဆီကိုသည်လည်း ဒေသတွင်း လေကြောင်းပို့ဆောင်ရေးဗဟိုချက်နေရာ ရောက်ရှိလာမည်ဟု ထောက်ပြထားသည်။ 

မစ္စတာလိုပက်ဇ် အော်ဘရေဒါကမူ လက်ရှိလေဆိပ်ကို အဆင့်မြှင့်တင်ကာ ပြေးလမ်းသစ် နှစ်လမ်း ထပ်မံထည့်သွင်းမည်ဖြစ်ကြောင်း ဆိုသည်။ တက်စ်ကိုကိုတွင် ဖောင်ဒေးရှင်းများ တည်ဆောက်ပြီးဖြစ်သော လေဆိပ်သစ်ကို မည်သို့စီမံမည်ကိုမူ အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။