ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် စက်ရုံလုံခြုံရေးဝန်ထမ်းက ကျပ်သိန်းခြောက်ရာကျော် ခိုးယူမှုကို သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းဆီးခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီအချိန်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၂၃) ရပ်ကွက်၊ မိုးကုတ်လမ်းနေ တိုင်ကြားသူတရားလိုက အမျိုးသားစက်ရုံတွင် ရှိနေစဉ် စက်ရုံမန်နေဂျာက ရုံးချုပ် အတွင်း ငွေများခိုးယူခံရကြောင်း ဖုန်းဖြင့်ဆက်သွယ်ပြောကြားသဖြင့် သွားရောက်ကြည့်ရှု့ခဲသည်။
ရုံးချုပ်ဒုတိယထပ်ရုံးခန်း၏ငွေစာရင်းအခန်းတံခါးမှာပွင့်နေသည်ကိုတွေ့ရှိရပြီး ဝန်ထမ်းများနှင့်အတူ ရုံးအတွင်းရှိCCTV မှတ်တမ်းကို စစ်ဆေးရာ လူတစ်ဦးက မိုးကာအင်္ကျီ လက်ရှည် ဝတ်ထားပြီး ခေါင်းစွပ်စွပ်၍ နှာခေါင်းစည်းစည်းကာ ထမင်းစားဆောင်အပေါက်မှဝင်ရောက်လာသည်ကို တွေ့ရှိခဲ့သည်။
ထို့နောက် သံဘီရိုအတွင်း ထည့်ထားသည့်ငွေများအနက် ၆၂၀ဝ၀ဝ၀ဝ ကျပ်ခန့်မှာ ပျောက်ဆုံးနေ သည်ကိုသိရသဖြင့် အရေးယူပေးရန် တိုင်းကြားခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက (ပ) ၁၈၃၁/ ၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်ခဲ့သည်။ သက်ဆိုင်ရာက CCTV မှတ်တမ်းများအရ မသင်္ကာသူ အမျိုးသားကို စုံစမ်းခဲ့ရာ အနက်ရောက် မိုးကာလက်ရှည်အင်္ကျီကိုဝတ်ဆင်လေ့ရှိသူမှာ ကုမ္ပဏီ၏ ညစောင့် ဝန်ထမ်းဖြစ်သူ သူရိန်မိုးဖြစ်ကြောင်း၊၄င်းမိုးကာကို ဆိုင်ကယ်စီးချိန်တွင် ဝတ်ဆင်တတ်ကြောင်းနှင့် သူရိန်မိုးမှာ အခင်းဖြစ်ပြီး နောက်နေ့နံနက်တွင် အလုပ်တာဝန်ပြီးဆုံး၍ ပြန်သွားခဲ့ကြောင်း သက်ဆိုင်ရာက စုံစမ်းသိရှိခဲ့သည်။
၄င်း၏ဖုန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် ၎င်းနေထိုင်ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊(၅၈)ရပ်ကွက်၊ ဦးဟန်တင်လမ်းသို့ သွားရောက်စုံစမ်းရှာဖွေရာ ဆိုင်ကယ်ဖြင့်ထွက်သွားကြောင်း သက်ဆိုင်ရာက သတင်းရရှိခဲ့သည်။
သက်ဆိုင်ရာက ဆက်လက်စုံစမ်းချက်အရ သူရိန်မိုးကို အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ ကြေးရုပ်ကြီးအနီးတွင် ဆိုင်ကယ်(၁)စီး၊ ငွေကျပ်(၉)သိန်း၊ Mi 6x အမျိုးအစား အနက်ရောင် ဖုန်း(၁)လုံးတို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့သည်။
သူရိန်မိုးကို စစ်ဆေးချက်အရ ခိုးယူရရှိသည့် ငွေ ၆၂၀ဝ၀ဝ၀ဝ ဖြင့် Mi 6x အနီရောင် လက်ကိုင် ဖုန်း(၁)လုံး၊Mi6Pro အမျိုးအစား အနီရောင်လက်ကိုင်ဖုန်း(၁)လုံး၊Suzuki စာတမ်းပါ အပြာရောင်နှင့်အဖြူရောင် စပ်ကြားဆိုင်ကယ်(၁)စီးတို့ကို ဝယ်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
၄င်းခိုးယူခဲ့သည့်ငွေဖြင့် ဝယ်ယူထားသည့် ပစ္စည်းများနှင့် ကျန်ငွေ ၅၇၀၂၀ဝ၀ဝ တို့ကို သက်ဆိုင်ရာက သိမ်းဆည်းကာ ဥပဒေနှင့်အညီ အရေးယူထားသည်။
















