ဖားကန့်သည် ရာဇဝတ်မှု ထူပြောနေ၍ တရားဥပဒေစိုးမိုးမှု လိုအပ်သောဒေသဟု ဆို

ဖားကန့်သည် ရာဇဝတ်မှု ထူပြောနေ၍ တရားဥပဒေစိုးမိုးမှု လိုအပ်သောဒေသဟု ဆို

ဖားကန့်ဒေသသည် မူးယစ်ဆေးဝါးသုံးစွဲမှုများပြားသဖြင့် လူမှုဒုက္ခများ ၊ ရာဇဝတ်မှုများ ထူပြောနေသောကြောင့် တရားဥပဒေစိုးမိုးမှု လိုအပ်သောဒေသဖြစ်ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ဖားကန့်ဒေသရှိရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။
ဖားကန့်ဒေသတွင် နိုင်ငံအနှံ့က လာရောက်သောရွှေ့ပြောင်းလုပ်သားများရှိကြောင်း ၊ ထိုရွှေ့ပြောင်းလုပ်သားများသည် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူဦးရေများပြားလျက်ရှိကြောင်း၊ လူမသေသော်လည်းဘဝသေနေကြသည့်သူများ များပြားနေကြောင်း၊ HIV/AIDS၊ အသဲရောင် အသားဝါနှင့် နာတာရှည်ရောဂါများလည်းဖြစ်ပွားနေကြောင်း၊ ကလေးသူငယ်များ၏ ကျန်းမာရေး/ ပညာရေး ထိခိုက်နေကြောင်း၊ ထိုကြောင့် ထိုဒေသတွင် ဆောင်ရွက်စရာကိစ္စရပ်များ များစွာ ပေါ်ပေါက်နေသဖြင့် လုပ်ငန်းအဖွဲ့ခွဲများဖွဲ့စည်းပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ 

မြေစာပုံများကြောင့် ဥရုချောင်းတိမ်ကောလာခြင်း၊ ချောင်းလက်တက်များပိတ်ဆို့လာခြင်း၊ နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခြင်းစသည့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရသောကြောင့် ဖားကန့်ဒေသသည် သဘာဝဘေးနှင့် လူလုပ်ဘေးသင့်သည့် ဒေသဟုလည်းပြောဆိုမှုရှိနေသည်။ ထို့ကြောင့်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၄ ရက်တွင် “ဖားကန့်ဒေသရှိရွှေ့ပြောင်း အလုပ်သမားများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ခွဲ (၆) ဖွဲ့” ဖွဲ့စည်းပေးခဲ့သည်။

လုပ်ငန်းအဖွဲ့ခွဲ(၆)ခုတွင် ဖားကန့် ဒေသတရားဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့ခွဲ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ခွဲ၊ မြေယာစီမံခန့်ခွဲရေး လုပ်ငန်း အဖွဲ့ခွဲ၊ အသက်မွေးဝမ်းကျောင်းသင်တန်းပေးရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေးလုပ်ငန်းအဖွဲ့ခွဲ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ခွဲ၊ ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ခွဲ ဟူ၍ လုပ်ငန်းအဖွဲ့ခွဲ အသီးသီးမှလည်းသက်ဆိုင်ရာတာဝန်များကို နှစ်လ တစ်ကြိမ် ပြီးစီးဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာဌာနသို့ စုစည်းတင်ပြရမည်ဖြစ်သည်။

ဆောင်ရွက်ရမည့်လုပ်ငန်းများတွင် ဝန်ကြီးဌာနတစ်ခုတည်း၊ အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရသောကြောင့် အဖွဲ့ ခွဲများတွင် ဆက်စပ်ဝန်ကြီးဌာနများဖြင့် ပူးပေါင်းဆောင်ရွက်ရန်စီမံဖွဲ့စည်းပေးထားခြင်း ဖြစ်ကြောင်း၊ လုပ်ငန်း အဖွဲ့၏တာဝန်တွင်ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုများ၊ ထိခိုက်လွယ်အုပ်စုများ (ဥပမာ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ)အတွက် အခြေ အနေအဆင့် အတန်း တစ်ခုရောက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဂုဏ်သိက္ခာရှိသည့် အသိုက်အဝန်းဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။ 

ပြန်လည်ထူထောင်ရေးတွင် အလုပ်အကိုင်ဖန်တီးပေးခြင်းနှင့် မြေယာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ မြေလွတ်မြေလပ်မြေရိုင်းများတွင် အခြေချနေထိုင်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခြင်းကို ဥပဒေနှင့်အညီ စီမံခန့်ခွဲပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ 
အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ရာတွင် ပြဿနာ အရှိဆုံး မူးယစ်ဆေးဝါးကိစ္စ၌ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် အလုပ်အကိုင်အခွင့်အရေးရရှိရေးသည် ဦးစားပေးကိစ္စရပ်ဖြစ်ကြောင်း၊ မြေစာပုံအား မှီခိုနေရသည့် လုပ်ငန်းထက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်များရရှိရေးအတွက် ဖန်တီးပေးရမည်ဖြစ်ကြာင်း၊ ဂုဏ်သိက္ခာရှိသည့် အလုပ်အကိုင်မျိုး ဖြစ်ရန်လည်းလိုအပ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။ 

ဆောင်ရွက်မည့် လုပ်ငန်းများအတွက် စီမံချက်များရေးဆွဲ ထားရန်လိုအပ်ကြောင်း၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ရေရှည်စီမံချက်များရှိရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖော်ဆောင်နေသကဲ့သို့ တရားဥပဒေစိုးမိုးရေး၊ အဂတိတိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ဝန်ကြီးက ဆိုသည်။ 

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး