အီဂျစ်နိုင်ငံတွင်း အာလူးရောင်းဈေးသည် သာမန်နိုင်ငံသားများ လက်လှမ်းမမီနိုင်သည့် အနေအထားအထိမြင့်တက်နေမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက ကုန်သည်များ၏ကုန်လှောင်ရုံများကို ဝင်ရောက်စီးနင်းမှုများပြုလုပ်နေပြီဖြစ်သည်။
ကုန်သည်များသည် ရောင်းဈေးကို တိုးမြှင့်နိုင်ရေးအတွက် အာလူးများကို သိုလှောင်မှုများပြုလုပ်နေခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ကုန်သည်များ၏ကုန်လှောင်ရုံများကို ဝင်ရောက်စီးနင်းပြီး သိမ်းဆည်းမှုများပြုလုပ်နေကြောင်း အစိုးရလိုလားသော သတင်းစာများနှင့် ရုပ်သံဌာနများက ဖော်ပြခဲ့သည်။
စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် ခြွေတာရေးလမ်းစဉ်ကို ကျင့်သုံးနေမှုကြောင့် ရှားပါးပြတ်လပ်မှုများကြုံနေရပြီးဖြစ်သဖြင့် နိုင်ငံသားများ အလွန်အမင်းမကျေမနပ်မဖြစ်လာစေရန် ယခုကဲ့သို့ စီးနင်းမှုများပြုလုပ်နေခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ကိုအုပ်ချုပ်နေသည့် ပြည်ထဲရေးဝန်ကြီးဌာနသည် ဆိုင်ခွဲများဖွင့်လှစ်ပြီး အာလူးများကို လျှော့ဈေးဖြင့် ရောင်းချနေခဲ့သည်။ စစ်တပ်သည်လည်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်မားနေသည့်အချိန်များတွင် နိုင်ငံတစ်ဝန်း ကုန်တင်ကားကြီးများဖြင့် သွားလာပြီး အစားအစာများကို ရောင်းချလေ့ရှိခဲ့သည်။
လာမည့်နှစ်အတွင်း လောင်စာဈေးနှုန်းများမြင့်မားလာနိုင်ပြီး အကျိုးဆက်ဖြစ် စိုက်ပျိုးသီးနှံများအပါအဝင် အခြားထုတ်ကုန်များ၏ဈေးနှုန်းများလည်း မြင့်တက်လာနိုင်သည်။ ယခင်သီးနှံရိတ်သိမ်းခူးဆွတ်ချိန်တွင် ရရှိလာသည့် အမြတ်အစွန်းသည့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို မကာမိသောကြောင့် ယခုနှစ်တွင် စိုက်ပျိုးရေးသမားများသည် အာလူးစိုက်ပျိုးခြင်းမပြုခဲ့ချေ။
ပြတ်လပ်မှုမဖြစ်မီတွင် အာလူး တစ်ကီလိုဂရမ်( ၂ ဒသမ ၂ ပေါင်) လျှင် ၁၁ ဆင့်ဖြင့်ရောင်းချခဲ့ရပြီး ပြတ်လပ်မှုအမြင့်ဆုံးဖြစ်ချိန် လွန်ခဲ့သောအပတ်တွင် ၈၄ ဆင့်အထိ မြင့်တက်သွားခဲ့သည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်သွားသည်ကို အစိုးရက ဒီအတိုင်းထိုင်ကြည့်နေမည်မဟုတ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး အက်ဇာဒင် အဘူ စတိုက်ကပြောဆိုခဲ့သည်။ ကုန်သည်များ အမြတ်အစွန်းမယူရဟု ဆိုလိုခြင်းမဟုတ်ဘဲ မတော်လောဘမတက်ရန်သာ သတိပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

















