ဆော်ဒီအာရေဗျနှင့် ပူးပေါင်းတပ်များ ပါဝင်တိုက်ခိုက်နေသည့် ယီမင်နိုင်ငံတွင် ရန်ဘက်များအကြား တိုက်ခိုက်မှု အဆုံးသတ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက တောင်းဆိုခဲ့သည်။
ယီမင်ပြည်တွင်းစစ်အဆုံးသတ်ရေး ကုလသမဂ္ဂဦးဆောင်သည့် စေ့စပ်ညှိနှိုင်းမှုများ နိုဝင်ဘာလတွင် စတင်တော့မည်ဟုလည်း ပွမ်ပီယိုက ဆိုသည်။
ပွမ်ပီယို၏ ထုတ်ပြန်ချက်တွင် ဆော်ဒီ၊ ယူအေအီးနှင့် အီရန်မဟာမိတ် ဟူသီသူပုန်များအကြား ဒရုန်းယာဉ်ပျံများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်နေခြင်းအဆုံးသတ်ရန်၊ လူနေထူထပ်သည့် ဧရိယာများသို့ ဆော်ဒီနှင့်ပူးပေါင်းအုပ်စုက လေကြောင်းတိုက်ခိုက်နေမှုကို မဖြစ်မနေရပ်ဆိုင်းရန် ပါဝင်သည်။
အာရပ်နိုင်ငံများတွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်သည့် ယီမင်သည် ပြည်တွင်းစစ်ဒဏ်ကြောင့် ကမ္ဘာတွင်အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ယီမင်လူဦးရေ သုံးပုံနှစ်ပုံဖြစ်သည့် လူ ၂၂ သန်းတို့သည် အကူအညီလိုအပ်နေပြီး ၈ ဒသမ ၄ သန်းသည် အငတ်ဘေးဆိုက်ရောက်လု ဖြစ်နေသည်။
နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရကို ဆော်ဒီ၊ ယူအေအီးနှင့် အနောက်တိုင်းက ကျောထောက်နောက်ခံပြုသည်။ ဆော်ဒီပူးပေါင်း တိုက်လေယာဉ်များ ဆီဖြည့်ရန်နှင့် ပစ်မှတ်ရှာဖွေရေးလေ့ကျင်ရန် အမေရိကန်က ကူညီခဲ့သည်။
သို့သော် လွန်ခဲ့သည့်လကပင် ယီမင်၌ အရပ်သားထိခိုက်မှုလျှော့ချရေး ဆော်ဒီ၊ ယူအေအီးတို့နှင့် ဆောင်ရွက်ရန် ကွန်ဂရက်လွှတ်တော်သို့ ပွမ်ပီယိုက တင်ပြခဲ့သည်။ ပြိုင်ဘက်အုပ်စုများအကြား ဆွေးနွေးမှုများ နိုဝင်ဘာတွင်ပြုလုပ်ရန် ကုသမဂ္ဂက အထူးသံတမန် မာတင် ဂရစ်ဖ်ဖီသက်စ်ကို စေလွှတ်ကြိုးပမ်းခဲ့ပြီး ယင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့က ထောက်ခံခဲ့သည်။
ပြိုင်ဘက်အုပ်စုများဆွေးနွေးညှိနှိုင်းလျက် နိုင်ငံရေးလမ်းကြောင်းတစ်ခုပေါ်ရောက်ရှိပါမှ လူသားချင်းစာနာမှု အကျပ်အတည်း လျော့ပါးရေးကို ကူညီရာရောက်မည်ဟုလည်း ပွမ်ပီယိုက ပြောဆိုခဲ့သည်။

















