မြောက်ကိုရီးယားသည် နိုင်ငံတွင်းရှိ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်စခန်းများအား နိုင်ငံတကာမှ စစ်ဆေးသူများ လာရောက်စစ်ဆေးနိုင်ရေးအတွက် အသင့်ပြင်ဆင်မှုများကိုပြုလုပ်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးများက ပြောဆိုခဲ့သည်ဟု ယွန်ဟတ်သတင်းဌာနက တောင်ကိုရီးယားလွှတ်တော်အမတ်တစ်ဦး၏ပြောဆိုမှုကို ကိုးကား၍ အောက်တိုဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။
ပွန်ဂျီရီနျူစမ်းသပ်စခန်းနှင့် ဆိုဟဲဒုံးကျည်လွှတ်တင်ကွင်းတို့အား စုံစမ်းစစ်ဆေးနိုင်ရေး ပြင်ဆင်မှုများပြုလုပ်နေကြောင်း အာဏာရ ဒီမိုကရက်တစ်ပါတီမှ အမတ် ကင်မင်ကီက သတင်းထောက်များကိုပြောဆိုခဲ့သည်။
နိုင်ငံခြားစုံစမ်းစစ်ဆေးသူများ၏ခရီးစဉ်တွက် မြောက်ကိုရီးယားသည် ပြင်ဆင်မှုများကိုပြုလုပ်နေကြောင်း တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးဌာနက ပြောဆိုခဲ့သည်။ သို့သော် အဓိကနျူစမ်းသပ်စခန်း ယွန်ဗြွန်၌မူ လှုပ်ရှားမှုများကိုမတွေ့ခဲ့ကြောင်း ထောက်လှမ်းရေးများကပြောဆိုခဲ့သည်ဟု ကင်မင်ကီကပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည် ယမန်နှစ်တွင် နျူနှင့်ဒုံးကျည်စမ်းသပ်မှုများကို ရပ်ဆိ်ုင်းခဲ့သော်လည်း ပွန်ဂျီရီစခန်းကို ဖျက်သိမ်းမှုနှင့်ပတ်သက်၍ နိုင်ငံတကာအား စစ်ဆေးခွင့်မပေးခဲ့သောကြောင့် မြောက်ကိုရီးယားသည် ဟန်ပြသာလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိလာခဲ့သည်။
ဆိုဟဲစခန်းကို ပိတ်သိမ်းပြီး ဒုံးကျည်အင်ဂျင်စမ်းသပ်စခန်းနှင့် လွှတ်တင်ကွင်းတို့ ဖျက်သိမ်းခြင်းကို နိုင်ငံတကာမှ ကျွမ်းကျင်သူများအား စောင့်ကြည့်ခွင့်ပေးမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားသမ္မတမွန်းဂျေအင်နှင့် စက်တင်ဘာတွင် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။
ဒုံးကျည်စမ်းသပ်စခန်းများကို လုံးဝဖျက်သိမ်းပြီး ယွန်ဗြွန်စခန်းကို ပိတ်သိမ်းခြင်းအပါအဝင် အရေးယူလုပ်ဆောင်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားက သဘောတူညီခဲ့သည်ဟု မွန်းက ယင်းအချိန်က ပြောဆိုခဲ့သည်။

















