လစ်ဘာတီရုပ်တုထက် နှစ်ဆနီးပါးမြင့်သည့် ကမ္ဘာ့အမြင့်ဆုံး ရုပ်တုအိန္ဒိယတွင် ဖွင့်လှစ်

လစ်ဘာတီရုပ်တုထက် နှစ်ဆနီးပါးမြင့်သည့် ကမ္ဘာ့အမြင့်ဆုံး ရုပ်တုအိန္ဒိယတွင် ဖွင့်လှစ်

ရူပီး ၂၉ ဒသမ ၉ ဘီလျံ(ဒေါ်လာသန်း ၄၃၀) ကုန်ကျခံတည်ဆောက်ထားသော ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကိုအိန္ဒိယတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ 

ယခုရုပ်တုသည် နယူးယောက် လစ်ဘာတီရုပ်တုထက် နှစ်ဆနီးပါးမြင့်သလို၊ ယခင်က၁၂၈ မီတာဖြင့် ကမ္ဘာ့အမြင့်ဆုံးစံချိန်တင်ထားသော တရုတ်မှ နွေဦးကျောင်းတော် ဗုဒ္ဒရုပ်ပွားတော်ထက်လည်း ပိုမြင့်သည်။

၁၈၂ မီတာ (ပေ ၆၀ဝ) မြင့်သောရုပ်တုကြီးသည် နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ကီဗာဒီယာမြို့တွင် တည်ရှိပြီး အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆာဒါ ဗာလက်ဘိုင် ပတ်တယ်၏ ရုပ်ပုံကိုဂုဏ်ပြုတည်ဆောက်ထားခြင်းဖြစ်သည်။ "ညီညွတ်ခြင်းရုပ်တု" သည် ကမ္ဘာလှည့်ခရီးသွားများကိုပါ ဆွဲဆောင်နိုင်လိမ့်မည်ဟု ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောသည်။ 

ဆန့်ကျင်သူများကမူ ရုပ်တုအတွက် ထိုမျှ ငွေကုန်ခံခြင်းသည် ဖြုန်းတီးရာရောက်ကြောင်း၊ ပြည်သူ့အကျိုးပြု အခြားကဏ္ဍတစ်ခုခုတွင် သုံးစွဲခြင်းက ပိုကောင်းလိမ့်မည်ဖြစ်ကြောင်း ဝေဖန်လျက်ရှိသည်။ ထိုရုပ်တုကြီးကိုအိန္ဒိယပန်းပုပညာရှင် ရမ် ဗွီဆူတာက ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ 

ရုပ်တုကုန်ကျစရိတ်ကို ဂူဂျာရတ်ပြည်နယ် အစိုးရကထက်ဝက်ကျော် စိုက်ထုတ်ခဲ့ကာ ကျန်ငွေများကို ပြည်ထောင်စုအစိုးရရန်ပုံငွေနှင့် အများပြည်သူ လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ရုပ်တုစီမံကိန်းကို လက်ရှိဝန်ကြီးချုပ် မိုဒီသည် ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်ဘဝနှင့်ရှိစဉ် ၂၀၁၀ ခုနှစ်ကတည်းကအတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ပတ်တယ်ကဲ့သို့ပင် ဂူဂျာရတ်ပြည်နယ်သားဖြစ်သည့် ဝန်ကြီးချုပ် မိုဒီသည် ပတ်တယ်ကိုအားကျလေးစားသူလည်း ဖြစ်သည်။