ကျည်ဆန်ရထားများလိုဏ်ခေါင်းအတွင်း အရှိန်နှင့်ဖြတ်သန်းခုတ်မောင်းနေချိန် ဝန်ထမ်းများကိုရထားလမ်းနှင့်ကပ်လျက် မြောင်းအတွင်းဝပ်နေစေကာ လေဖိအားကိုခံစားစေသည့် အသည်းထိတ်စရာလေ့ကျင့်ခန်းကို ဂျပန်ကျည်ဆန်ရထားကုမ္ပဏီက ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
လေ့ကျင့်ခန်းသည် ရှိန်နှုန်းမြင့် ခုတ်မောင်းနေသော ရထားများဘေးကင်းလုံခြုံရေးအရေးကြီးပုံကို ဝန်ထမ်းများသတိထားမိစေရန်ဖြစ်ကြောင်း အနောက်ပိုင်းဂျပန် မီးရထားကုမ္ပဏီက ထုတ်ပြန်ပြောကြားသည်။
လေ့ကျင့်ခန်းကို ၂၀၁၆ ခုနှစ်ကတည်းက ပုံမှန်လုပ်ခဲ့ခြင်းဖြစ်သည်။
အလုပ်သမားသမဂ္ဂများက ထိုလေ့ကျင့်ခန်းသည် ဝန်ထမ်းများအတွက် အန္တရာယ်ကြီးသဖြင့် ရပ်ဆိုင်းရန် တောက်လျှောက်ဖိအားပေးခဲ့ကြသည်။
လိုဏ်ခေါင်းအတွင်း ကျည်ဆန်ရထားလမ်းနှစ်လမ်းကြားရှိ သုံးပေအနက်၊ သုံးပေအကျယ် မြောင်းအတွင်း ဝန်ထမ်းများသည် ဆောင့်ကြောင့်ထိုင်ကာကီလိုမီတာ ၃၀ဝ နှှုုန်းဖြင့် ဖြတ်မောင်းသော ကျည်ဆန်ရထား၏ လေအရှိန်ကိုခံစားကြရခြင်းဖြစ်သည်။ လေ့ကျင့်ခန်းတစ်ကြိမ်လျှင် မိနစ် ၂၀ ခန့်ကြာပြီးဝန်ထမ်း ၂၄၀ ခန့်ထိပါဝင်သည်။
၂၀၁၅ ခုနှစ်က ရထားခုတ်မောင်းနေစဉ် မူလီချောင်ကာ သတ္တုကိုယ်ထည်တစ်ခု ပြုတ်ကျမှုဖြစ်ပွားပြီးနောက် ဝန်ထမ်းများအနေဖြင့် ရှိန်နှုန်းမြင့်သွားနေသော ရထားများတွင် မူလီတစ်လုံးချောင်နေခြင်းကအစ လွန်စွာအန္တရာယ်ကြီးကြောင်းကို ဝန်ထမ်းများကိုယ်တွေ့သိရှိနိုင်စေရန်အတွက် ယခုလိုရထားလေအရှိန်ကို ခံစားခိုင်းသည့် လေ့ကျင့်ခန်းကို လုပ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီကပြောသည်။
ထိုလေ့ကျင့်ခန်းကိုရပ်ဆိုင်းလိုက်ခြင်းမှာ လုပ်သားသမဂ္ဂများ၏ ဖိအားပေးမှုကြောင့်မဟုတ်ဘဲ ဝန်ထမ်းများကိုရထားလမ်းကြားမြောင်းထဲမှ လေအရှိန်ခံစားစေခြင်းထက် လိုဏ်ခေါင်းဘေး ခြံစည်းရိုးနောက်မှ ခံစားစေသည့် လေ့ကျင့်ခန်းကပိုထိရောက်ကြောင်းတွေ့ရသဖြင့် လေ့ကျင့်ခန်းပြောင်းလိုက်ခြင်းသာဖြစ်ကြောင်းလည်း ကုမ္ပဏီကပြောသည်။

















