လိုင်းယန်းလေကြောင်း ပျက်ကျလေယာဉ်၏ ပင်လယ်အောက် တည်နေရာဖြစ်နိုင်ခြေတွေ့ရှိ

လိုင်းယန်းလေကြောင်း ပျက်ကျလေယာဉ်၏ ပင်လယ်အောက် တည်နေရာဖြစ်နိုင်ခြေတွေ့ရှိ

လိုင်းယန်းလေကြောင်းမှ ပျက်ကျခဲ့သည့် လေယာဉ်ကို ကျယ်ပြန့်သည့် ရှာဖွေမှုများနှင့်အတူ ဂျာဗားပင်လယ်အောက်၌ လေယာဉ်ပျက်တည်နေရာဖြစ်နိုင်ခြေကို တွေ့ရှိထားကြောင်း အင်ဒိုနီးရှားစစ်ဦးစီးချုပ်က ပြောဆိုခဲ့သည်။ 

ပျက်ကျခဲ့သည့် ဘိုးအင်း ၇၃၇ မက်စ် ၈ နှင့် အမျိုးတူလေယာဉ်များအားလုံးကိုလည်း စစ်ဆေးရန် အင်ဒိုနီးရှားအစိုးရက ညွန်ကြားထားသည်။

ရေမိုင် ၁၅ မိုင်ကျယ်သည့်နေရာတစ်ခုမှ ဒါဇင်ချီသော ခန္ဓာကိုယ်အပိုင်းအစများ ဆယ်ယူရရှိခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည်များပုံပါဝင်သည့် မိုဘိုင်းဗွီဒီယိုကလစ်တစ်ခုကိုလည်း ရုပ်သံကထုတ်လွှင်ခဲ့သည်။ 

ခရီးသည်တစ်ဦးဖြစ်သူ ပေါလ်ဖာဒီနန် အာယိုဘာရာသည် ဖုန်းဗွီဒီယိုကင်မရာဖြင့် လေယာဉ်မတက်မီ ခရီးသည်များ စစ်ဆေးခံ၍ နေရာယူနေကြပုံကို ခရီးစဉ် အမှတ် ၆၁၀ အမှတ်တရအနေဖြင့် ရိုက်ကူးပြီး လေယာဉ်မတက်မီ ၃၅ မိနစ်အလိုတွင် ၄င်း၏ဇနီးထံ ဝှပ်စ်အပ် အပလီကေးရှင်းမှ ပေးပို့ခဲ့သည်။ ယင်းဗွီဒီယိုကို ရုပ်သံက ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ခရီးစဉ် ၆၁၀ အဖြစ် ပျံတက်ခဲ့သည့် သက်တမ်းနှစ်လသာရှိသေးသည့် ဘိုးအင်း ၇၃၇ မက်စ် ၈ လေယာဉ်သည် အောက်တိုဘာ ၂၉ ရက်က ပျံတက်ပြီး ၁၃ မိနစ်တွင် ဂျာဗားပင်လယ်ထဲပျက်ကျကာ လေယာဉ်ပေါ်ပါသူ ၁၈၉ ဦးစလုံး အသက်ဆုံးရှုံးခဲ့သည်။

ယင်းကြောင့် အင်ဒိုနီးရှားတွင် အသုံးပြုနေသည့် ကျန် ဘိုးအင်း ၇၃၇ မက်က်စ် ၈ လေယာဉ်အားလုံးကို ပျံသန်းမှု ခေတ္တရပ်ဆိုင်းလျက် စစ်ဆေးရန် အစိုးရက ညွန်ကြားခဲ့သည်။

ပျက်ကျလေယာဉ်သည် ပျက်မကျမီတစ်ရက် အောက်တိုဘာ ၂၈ ရက်ကလည်း ပျံတက်ခြင်းမပြုမီ အင်ဂျင်နှင့် စက်မှု ပြဿနာများကြောင့် ပျံသန်းချိန် ကြာမြင့်စွာနှောင့်နှေးခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ယင်းကြောင့် လေကြောင်းလိုင်း၏ ဘေးကင်းလုံခြုံရေးစည်းမျဉ်းများလိုက်နာမှုအပေါ် မေးခွန်းထုတ်ကြသကဲ့သို့ ဘိုးအင်း၏ ၇၃၇ မျိုးဆက်သစ်လေယာဉ်အပေါ်တွင်လည်း သံသယဖြစ်မှုအချို့ ရှိနေသည်။

ဘိုးအင်းမှ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့သည် အောက်တိုဘာ ၃၁ ရက်၌ အင်ဒိုနီးရှားသို့ရောက်ရှိရန်နှင့် လေယာဉ်ပျက်မှ ပျံသန်းမှုမှတ်တမ်းကိရိယာကို မကြာမီရေအောက်တွင် တွေ့ရှိရန်တို့ကို မျှော်လင့်နေကြသည်။