လွိုင်ကော်မြို့တွင် သေနတ်၊လက်ပစ်ဗုံး၊ကျည်ဆံနှင့် စိတ်ကြွဆေးများ ဖမ်းမိ

လွိုင်ကော်မြို့တွင် သေနတ်၊လက်ပစ်ဗုံး၊ကျည်ဆံနှင့် စိတ်ကြွဆေးများ ဖမ်းမိ

လွိုင်ကော်မြို့နယ်တွင် သေနတ်၊လက်ပစ်ဗုံး၊ကျည်ဆံနှင့် စိတ်ကြွဆေးများ ဖမ်းဆီးရမိခဲ့မှု အောက်တိုဘာလ ၂၉ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ည ၈ နာရီ ၄၅ မိနစ်တွင် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု ဆောင်ကန်း (ကယား)ရွာအနီး မိုးဗြဲ-လွိုင်ကော်သွား ကားလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စု (၂၀) ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

ဖယ်ခုံဘက်မှ လွိုင်ကော်မြို့ဘက်သို့ မောင်လောင် ၃၇ နှစ် မောင်းနှင်လာသော Toyota Majesta Crown မော်တော်ယာဉ်ကို မူးယစ်တပ်ဖွဲ့စု (၂၀) ပူးပေါင်းအဖွဲ့က ရပ်တန့်ရှာဖွေခဲ့သည်။ 

ယာဉ်မောင်း မောင်လောင်၏ ဘောင်းဘီခါးကြားအတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ဝ( သိန်း ၂၅၀ ဖိုးခန့်)နှင့်9mm ကျည် ၁၈ တောင့် ထည့်ထားသည့် SIG SAUER အမျိုးအစား 9mm ပစ္စတို သေနတ် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။ 

ထို့ပြင် ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ 9mm ကျည်အိမ်အလွတ် တစ်ခု၊ MG 1 အမျိုးအစား အစိမ်းရောင်လက်ပစ်ဗုံးတစ်လုံး(ဖျူစ့် မပါ)၊ ဖျူစ့်ထည့်ထားသည့် အိတ်နှစ်ခု၊ စိစစ်ရေးကတ် တစ်ခုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ဆက်လက်သိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် မောင်လောင် ၃၇ နှစ်ကို လွိုင်ကော်မြို့မရဲစခန်းက မူးယစ်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။