အာရှတွင် စီးပွားရေးအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ယခင်က မှုန်မှိုင်းနေသည့် ကောင်းကင်ယံများကြောင့် နာမည်ကျော်ကြားခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ပိုမိုကျယ်ပြန့်စွာ တိုက်ပွဲဝင်နေရပေသည်။ တောင်အာရှဒေသနိုင်ငံဖြစ်သော အိန္ဒိယသည်ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင်အညစ်ညမ်းဆုံး မြို့ကြီး ၁၀ မြို့ရှိရာ နိုင်ငံဖြစ်နေပေသည်။
ယခုအခါ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏အစိုးရသည် ဘေးအန္တရာယ်များသော လေထုညစ်ညမ်းမှုကို လျှော့ချရန် ဆောင်ရွက်ချက်အသစ်များကို စတင်တွန်းအားပေး လုပ်ဆောင် နေပြီဖြစ်သည်။ သို့သော် မည်သည့်လုပ်ဆောင်ချက်မဆို ထောင်နှင့်ချီရှိသော ဆောက်လုပ်ရေးလုပ်ငန်းအသစ်များမှ ကျန်ခဲ့သည့် ဖုန်မှုန့်များ၊ သန်းချီသော ကားသစ်များမှ ထုတ်လွှတ်သော မီးခိုးများကြောင့် အိန္ဒိယတွင် လေထုညစ်ညစ်မှုကို တိုးပွားစေသည့် အခြားရှုထောင့်များကို ကျော်လွန်နိုင်ရမည်ဖြစ်သည်။
အိန္ဒိယမြောက်ပိုင်း ဖုန်ထူသောလွင်ပြင်များတွင် ဆောင်းဝင်ပြီဖြစ်ရာ လေထုညစ်ညမ်းမှုနှင့်သက်ဆိုင်သည့် မိုဒီအစိုးရ၏ မူဝါဒများကို လာမည့်ရက်သတ္တပတ်များ၌ စမ်းသပ်ဆောင်ရွက်မည်ဖြစ်သည်။ ဆောင်းရာသီရာတွင် ကောက်ပဲသီးနှံများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒီပါဝလီပွဲတော်အတွင်း မီးရှူးမီးပန်းများ သန်းချီ ပစ်ဖောက်ခြင်းများကြောင့် လေထုညစ်ညမ်းမှုကို အန္တရာယ်ရှိသောအဆင့်သို့ တွန်းပို့ပေးနေသည်။
မြူခိုးများအား ကင်းရှင်းစေရန် တင်းကျပ်သည့်မူဝါဒများကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ပါက အိန္ဒိယတိုင်းသူပြည်သားများနှင့် အစိုးရသည် ပိုမိုချမ်းသာလာမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ တွက်ချက်မှုအရ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစရိတ်စကများနှင့် ကုန်ထုတ်လုပ်မှု ကျဆင်းမှုကြောင့် အိန္ဒိယသည် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု ၈ ဒသမ ၅ ရာခိုင်နှုန်း ဆုံးရှုံးနစ်နာနေသည်။ ထိုနစ်နာမှု၏ မျက်မှောက်ပမာဏမှာ ဒေါ်လာ ၂ ဒသမ ၆ ထရီလျံဖြစ်ကာ နှစ်စဉ် ဒေါ်လာ ၂၂၁ ဘီလျံခန့် ဆုံးရှုံးနေသည်။
အိန္ဒိယနိုင်ငံသည် လောလောဆယ်တွင် ကမ္ဘာပေါ်၌ စီးပွားရေးတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံဖြစ်သော်လည်း တရုတ်နိုင်ငံ၏ ဒေါ်လာ ၁၂ ဒသမ ၂ ထရီလျံစီးပွားရေးက ငါးဆမျှ ပိုမိုကြီးမားနေသည်။ အိန္ဒိယသည် အခြေခံကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ရန် ဆင်ခြင်မှုမရှိလှဘဲ ကြိုးပမ်းနေဆဲဖြစ်သဖြင့် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးဝါးစေနိုင်သည်ဟု သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ရက်ဘန်ဒရာဂျာက ပြောသည်။
နယူးဒေလီမြို့ရှိ ဆာဂင်္ဂါရမ်ဆေးရုံသို့ ရင်ခေါင်းခွဲစိတ်ဆရာဝန်အဖြစ် အာဗင်းဒ်ကူးမား စတင်ရောက်ရှိခဲ့သည့် ၁၉၈၈ ခုနှစ်အချိန်ကာလတုန်းက ၎င်း၏ အဆုတ်ကင်ဆာလူနာများ၏ ၉၀ ရာခိုင်နှုန်းမှာ သက်လတ်ပိုင်း ဆေးလိပ်သောက်သော အမျိုးသားလူနာများဖြစ်သည်။ ယခုအခါတွင်မူ ၎င်း၏လူနာများ၏ ၆၀ ရာခိုင်နှုန်းမှာဆေးလိပ်မသောက်သူများဖြစ်ကာ ထက်ဝက်မှာ အမျိုးသမီးလူနာများဖြစ်သည်ဟု ၎င်းကပြောသည်။ လေဖြင့်သယ်ဆောင်လာသော သေးငယ်သည့် အမှုန်အမွှားလေးများသည် ပန်းနာရင်ကျပ်မှ နှလုံးရောဂါနှင့် အဆုတ်ကင်ဆာအထိ ရောဂါများနှင့်ဆက်နွှယ်နေကာ ၂၀၁၅ ခုနှစ်က အိန္ဒိယလူမျိုး ၁ ဒသမ ၁ သန်းကျော်သေဆုံးမှုကို ဖြစ်ပေါ်စေသည်ဟု ကျန်းမာရေးအကျိုးသက်ရောက်မှုဌာန၏အဆိုအရ သိရှိရသည်။
လေထုညစ်ညမ်းမှုနှင့် ဆက်စပ်သေဆုံးမှုတွင် အချို့သောနိုင်ငံတကာလေ့လာမှုများသည် လက်တွေ့မကျကြောင်းနှင့် လေထုညစ်ညစ်မှုကြောင့် သေဆုံးသည့် အရေအတွက်ကို ထပ်မံစစ်ဆေးကာ ဒေသခံလေ့လာမှုများမှ ပံ့ပိုးမှုများလိုအပ်သည်ဟု အိန္ဒိယအစိုးရက ပြောကြားကာ လေထုညစ်ညမ်းမှုအတွက် လုပ်ဆောင်စရာများ နောက်ထပ်ရှိသေးကြောင်းကို အစိုးရက ဝန်ခံပြောကြားသည်ဟု သဘာပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဟာ့ရှ်ဗာ့ဒ်ဟန်က ဆိုသည်။
မိုဒီ၏အစိုးရသည် နေရောင်ခြည်စွမ်းအင် အသုံးပြုရေးကို တိုးမြှင့်ခြင်း၊ ဓာတ်ငွေ့ထုတ်လွှတ်ခြင်း စံချိန်စံညွှန်းများအား တိုးမြှင့််ခြင်းနှင့် နေအိမ်များအတွင်း ထင်းနှင့်မီးသွေးမီးဖိုများ သုံးစွဲမှု လျှော့ချရန် ထမင်းဟင်းချက်ပြုတ်သည့် ဓာတ်ငွေ့ဘူးများသန်းနှင့်ချီကာပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ အာဏာပိုင်များကလည်း လယ်သမားများ ကွင်းမီးရှို့ခြင်းများကို တားမြစ်ရန် ကြိုးပမ်းခဲ့သည်။
သို့သော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက တရားဝင်မစတင်ရသေးသည့် အမျိုးသား လေထုသန့်ရှင်းရေးအစီအစဉ်တစ်ရပ်မှ ပိုမိုလက်ဆုပ်လက်ကိုင်ပြနိုင်သည့် ရည်မှန်းချက်များအား ယခုချိန်ထိ စောင့်စားနေဆဲဖြစ်သည်။
အိန္ဒိယတွင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်သည့် အခြားပြဿနာတစ်ရပ်ရှိသေးသည်။ အိန္ဒိယ၏စံနှုန်းမမီသည့် ဒီမိုကရေစီကြောင့် ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ပြဿနာကို ပိုမိုအလေးထားစရာအဖြစ် ရှုမြင်ကြကာ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေး ပါတီများစီမံခန့်ခွဲသည့် အစိုးရဌာနခွဲများက လေထုညစ်ညမ်းမှုပြသနာကိုပူးပေါင်းဆောင်ရွက်ရန် အနည်းငယ်သာရှိသည်။
နယူးဒေလီရှိ ဒေသခံအစိုးရက ဦးစီးဆောင်ရွက်နေသည့် အမ်အက်ဒ်မီပါတီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရာဟက်ဗ်ချက်ဒါကလေထုညစ်ညမ်းမှုနှင့်ပတ်သက်ကာ ၎င်း၏ပါတီတွင် အာဏာအကန့်အသတ်သာရှိသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို ယာယီတားမြစ်ခြင်းကဲ့သို့ လုပ်ဆောင်ချက် အနည်းငယ်သာရှိကြောင်း ချေပပြောကြားသည်။ ဗဟိုအစိုးရ၏ ဦးဆောင်မှုအောက်တွင် ပြည်နယ်အစိုးရများအချင်းချင်းပူးပေါင်းဆောင်ရွက်မှုလိုအပ်သည်ဟုဆိုကာ ၎င်း၏ပါတီသည် မိုဒီအစိုးရနှင့်သဘောထားအမြင် ပြင်းပြင်းထန်ထန် ကွဲလွဲမှုများရှိသည်ဟု ပြောကြားလိုက်သည်။

















