အာဏာလွှဲပြောင်းချိန်ရောက် မလေးရှားနိုင်ငံရေးသမား အန်ဝါ

အာဏာလွှဲပြောင်းချိန်ရောက် မလေးရှားနိုင်ငံရေးသမား အန်ဝါ

ကွာလာလမ်ပူ-နိုင်ငံအများအပြားတွင်ယခင်ကတည်းကပင် အန်ဝါ အီဘရာဟင်ကိုနိုင်ငံရေးအပယ်ခံ တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုအတွင်း ပြိုင်ဘက်များ၏ ကြံစည်မှုကြောင့် အန်ဝါ အီဘရာဟင်သည် နှစ်ကြိမ်တိုင်တိုင် ထောင်ချ ခံခဲ့ရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အန်ဝါကို ဒုတိယဝန်ကြီးချုပ်နေရာက လက်ရှိ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဖြုတ်ချခဲ့သည်။  သို့သော် နိုင်ငံရေး အခြေအနေ အပြောင်းအလဲ ဖြစ်ပေါ်လာချိန်တွင် မလေးရှားနိုင်ငံသည် သာမန် နိုင်ငံတစ်နိုင်ငံ မဟုတ်သည့်အပြင် နိုင်ငံရေးပုဂ္ဂိုလ်အချို့ ကျရှုံးခဲ့ပြီး တချို့မှာ ပိုပြီး အင်အားကြီးလာခဲ့ကြသည်။

အန်ဝါ အီဘရာဟင် ဝန်ကြီးချုပ် ဖြစ်လာနိုင်ရန်အတွက် လာမည့် နှစ်နှစ်အကြာတွင် လက်ရှိဝန်ကြီးချုပ်ရာထူးက ဆင်းပေးမည်ဟု ကတိပြုခဲ့သည့် မဲဆွယ်စည်းရုံးရေးပြီးနောက် မေလ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် နေရာကို ရရှိခဲ့သည့် အသက် ၉၃ နှစ်အရွယ် မဟာသီယာ မိုဟာမက်သည် မလေးရှားနိုင်ငံကို  စီးပွားရေး ပြန်တည့်မတ်ရန်၊ သေဒဏ်ဖျက်သိမ်းခြင်းကဲ့သို့ လူ့အခွင့်အရေး လှုပ်ရှားမှုများနှင့် အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ သြဇာအာဏာလွှမ်းမိုးမှု ကြီးထွားလာသည်ကို ရင်ဆိုင်ရန် စသည့် အရေးပါသော ဆုံးဖြတ်ချက်များကို အတည်ပြုနေချိန်တွင် အန်ဝါ၏ အာဏာမှာ မြင့်တက်လာသည်။

ကျွန်တော်တို့ သမိုင်းတစ်ခု ရေးနေတယ်လို့ နားလည်ခံယူထားပါတယ်။ ဒုတိယ ဝန်ကြီးချုပ်ဘဝကနေ နိုင်ငံရေး ...

"ကျွန်တော်တို့ သမိုင်းတစ်ခု ရေးနေတယ်လို့ နားလည်ခံယူထားပါတယ်။ ဒုတိယ ဝန်ကြီးချုပ်ဘဝကနေ နိုင်ငံရေး အကျဉ်းသားအထိ အခုဝန်ကြီးချုပ်ရာထူး အပြောင်းအလဲ အချိန်ကို ရောက်ရှိလာပါပြီ" ဟု အန်ဝါ ပြည်သူ့တရားရေးပါတီ၏ မဟာဗျူဟာ ဆက်သွယ်ရေးအကြီးအကဲနှင့် လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖာမီ ဖက်ဇယ်လ်က ပြောကြားခဲ့သည်။ ရောထွေး နေသော ယာယီညွန့်ပေါင်း အဖွဲ့ အနာဂတ် အုပ်ချုပ်မှုက မလေးရှားနိုင်ငံ၏ ဟန်ချက်ကို ဆွဲဆန့်ထားသည်။  မလေးရှားနိုင်ငံကို အမေရိကန်၊ တရုတ်နှင့် အခြားနိုင်ငံများက အနီးကပ် စောင့်ကြည်လျက်ရှိသည်။ မည်သည့်နိုင်ငံမှ အကြောင်းပြချက်မရှိဘဲ မလေးရှားနိုင်ငံတွင် နိုင်ငံရေး သဘောထားကွဲလွဲမှု ထပ်မံ မပေါ်ပေါက်စေလိုကြတော့ပေ။ မလေးရှားနိုင်ငံတွင် အကြီးစားရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် တရုတ်နိုင်ငံက ပြန်လည်ဝင်ရောက်လိုနေပြီး မဟာသီယာနှင့် ၎င်း၏ မဟာမိတ်များ ဖြစ်ပွားနေသော ရန်ပွဲကို ထိန်းပေးလိုသည်။ မလေးရှား၏ ထိပ်တန်း ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံက အရှေ့တောင်အာရှတွင် ၎င်း၏ ကုန်သွယ်ရေးအဆက်အသွယ်များကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိသည်။ ၁၉၉၈ ခုနှစ် တွင်အသက် ၇၁ နှစ်အရွယ်ရှိ အန်ဝါကို မဟာသီယာက ရာထူးက ဖယ်ရှားခဲ့ပြီး အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည်။

ထို့ပြင် မလေးရှား နိုင်ငံပိုင်ငွေကြေး အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ ခိုးယူခဲ့သော ဝန်ကြီးချုပ် နာဂျစ်ရာဇတ် လက်ထက်တွင်လည်း အန်ဝါ ထောင်ဒဏ်ချမှတ်ခံခဲ့ရသေးသည်။  နာဂျစ်၏ အကျင့်ပျက်ခြစားမှုကြောင့် အံ့အားသင့်ဖွယ် ပြန်ပေါင်းထုပ်မှု တစ်ခုဖြစ်လာခဲ့သည်။ နိုင်ငံရေးလောကက အငြိမ်းစားယူထားသော မဟာသီယာက အန်ဝါနှင့် ပူးပေါင်း၍ မေလရွေးကောက်ပွဲတွင် အတိုက်အခံပါတီကို ဦးဆောင်ခဲ့သည်။ အောက်တိုဘာ ၂၅ ရက်တွင် နာဂျစ်နှင့် ထိပ်တန်းအစိုးရအကြီးအကဲနှစ်ဦးကို ယခင် အကျင့်ပျက်ခြစားမှု စွဲချက်များအပြင် နိုင်ငံပိုင်ငွေအလွဲသုံးစားလုပ်မှု စွဲချက်အသစ်တင်ခဲ့သည်။

ယခုသီတင်းပတ်တွင် တရုတ်နိုင်ငံ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီအပါအဝင် ကွန်မြူနစ်ပါတီ အကြီးအကဲများနှင့် အန်ဝါ တွေ့ဆုံခဲ့သည်။ တရုတ်က မလေးရှားနိုင်ငံနှင့် ဆက်ဆံရေး ပိုကောင်းမွန်အောင် ဆောင်ရွက်ရန် မျှော်လင့်လျက်ရှိကြောင်း၊ အန်ဝါက သူ၏ တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။ ဝန်ကြီးအဖွဲ့နေရာကို ရယူမည်မဟုတ်ကြောင်း မဟာသီယာကိုလည်း ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။

ခန့်လင်းဦး ဘာသာပြန်သည်။