ကိုရီးယား ချွေးတပ်လုပ်သား လေးဦးကို ဂျပန်က လျော်ကြေးပေးရန် အမိန့်ချ

ကိုရီးယား ချွေးတပ်လုပ်သား လေးဦးကို ဂျပန်က လျော်ကြေးပေးရန် အမိန့်ချ

ဆိုးလ်-တောင်ကိုရီးယားနိုင်ငံ၏ ဗဟိုတရားရုံးချုပ်သည် အမြင်ကျယ်သော ဆုံးဖြတ်ချက်တစ်ရပ်အဖြစ် ဒုတိယ ကမ္ဘာစစ်အတွင်း ကိုရီးယားကျွန်းဆွယ် ဂျပန် ကိုလိုနီအဖြစ် ကျရောက်စဉ်ကာလ၌ ချွေးတပ်လုပ်သားအဖြစ်ဖမ်းဆီးကာ ခိုင်းစေ ခံထားရသော တောင်ကိုရီးယားလူမျိုး လေးဦးကို ဂျပန် သံမဏီကုမ္ပဏကြီးတစ်ခုက လျော်ကြေးပေးရန် စီရင်ချက်ချခဲ့သည်။

ကာလတာရှည် စောင့်ဆိုင်းခဲ့ရသော အဆိုပါစီရင်ချက် ကို ဆိုးလ်မြို့ရှိ ထိပ်တန်းတရားရုံးဖြစ်သော ဗဟိုတရားရုံး က ငါးနှစ်ကျော်ကြား ဆိုင်းငံ့ပြီးမှ အောက်တိုဘာ ၃၀ ရက်တွင် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားရာတွင် ဂျပန်အစိုးရသည် "အပြည်ပြည်ဆိုင်ရာ ဥပဒေအရ မဖြစ်နိုင်သော" ဟု ဖော်ပြသည့် အဆိုပါစီရင်ချက်ကို တုံ့ပြန်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီးဖြစ်သည် ဟုဆိုသည်။ အဆိုပါစီရင်ချက်မှာ ၁၉၆၅ ခုနှစ်က တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ ချုပ်ဆိုထားသော စာချုပ်ကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုကလည်း ဂျပန် နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ အဆိုပါအမှုကို တင်ပြနိုင်ကြောင်း ပြောကြားခဲ့သည်။ "တောင်ကိုရီးယား တရားရုံးချုပ်ရဲ့ ဒီကနေ့ စီရင်ချက်ဟာ တစ်ဖက်သတ်ဆန်လွန်းပြီး ဂျပန်နှင့် တောင်ကိုရီးယား ဆက်ဆံရေးရဲ့ တရားဥပဒေဆိုင်ရာ အခြေခံတွေကို ပျက်စီးစေပါတယ်" ဟု ကိုနိုက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က အဆိုပါ စီရင်ချက်နှင့်စပ်လျဉ်း၍ ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုဂျူဒတ်ကမူ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို အဖျက်သဘောဆောင် သက်ရောက်မှုရှိခြင်းကို ကာကွယ်ရန် ၎င်းစီရင်ချက်ကို ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် ဆင်ခြင်သုံးသပ်သင့်ကြသည်ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယား တရားရုံးချုပ်၏ စီရင်ချက်တွင် ဂျပန်နိုင်ငံ၏ နီပွန်စတီးလ်နှင့် ဆူမီတိုမို သတ္တုကော်ပိုရေး ရှင်းတို့သည် ၁၉၄၁ ခုနှစ်မှ ၁၉၄၃ ခုနှစ်အထိ ဂျပန် သံမဏိစက်ရုံတွင် အဓမ္မခိုင်းစေခြင်းခံခဲ့ရသော တရားလို လေးဦးကို တစ်ဦးလျှင် ကိုရီးယားဝမ်ငွေ သန်း ၁၀ဝ (ဒေါ်လာ ၈၇,၆၈၀) လျော်ကြေးပေးရမည်ဟု ဖော်ပြထား သည်။ တရားလိုလေးဦးအနက် ၁၄ နှစ်ကျော်ကြာပြီဖြစ်သည့် တရားမမှုရင်ဆိုင်ရာတွင် အသက် ၉၄ နှစ်အရွယ် လီချွန်စစ်တစ်ဦးသာလျှင် အသက်ရှင်လျက်ရှိခဲ့သည်။ "ကျွန်တော် အမှုတော့နိုင်ပြီ။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်းပဲ ကျန်တော့တယ်။ သုံးယောက်ကတော့ မရှိတော့ဘူး။ အင်မတန် ဝမ်းနည်းတယ်ဗျာ၊ မျက်ရည်ဆည်လို့မရပါဘူး။ လေးယောက်လုံး အတူရှိရင် ဘယ်လောက်ကောင်းမလဲ" ဟု လီချွန်စစ်က ငိုယိုပြောကြားခဲ့သည်။

တင်စိန် ဘာသာပြန်သည်။