ကိုလံဘို (သီရိလင်္ကာ)-သီရိလင်္ကာနိုင်ငံသမ္မတက ဝန်ကြီးချုပ်အား ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ပိုမိုကြီးမားလာသည့် နိုင်ငံရေးအကျပ်အတည်းကို ပြေလည်အောင် ချက်ချင်းဖြေရှင်းရန် ဥပဒေပြုအမတ်များကို အမြန်ဆင့်ခေါ်နိုင်ခြင်းမရှိလျှင် သွေးချောင်းစီးမည့် ဆူပူသောင်းကျန်းမှုများ ဖြစ်လာနိုင်ခြေရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့သော်လည်း သီရိလင်္ကာ သမ္မတက အစိုးရအဖွဲ့သစ်ကို အောက်တိုဘာ ၂၉ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် ရာနီးလ်ဝစ်ကရီမီဆင်ဂေးက လွှတ်တော်အစည်းဝေး ပြန်လည် ကျင်းပရန် တောင်းဆိုခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ ကာရု ဂျာယာဆူရီယာက အထက်ပါသဘောထားအမြင်ကိုပြောဆိုခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ဝစ်ကရီမီဆင်ဂေးက လွှတ်တော်အမတ်အများစုကို ဆက်လက်ထိန်းချုပ်ထားကြောင်း သိရသည်။
သမ္မတ မိုင်သရီပါလာ ဆရီဆီနာက ဝစ်ကရီမီဆင်ဂေးကို အောက်တိုဘာ ၂၆ ရက်တွင် ဝန်ကြီးချုပ်ရာထူးက ထုတ်ပယ်ခဲ့ပြီး ပါလီမန်ကိုလည်း ဖျက်သိမ်းခဲ့သည့်အပြင် ၎င်းနေရာ၌ အာဏာရှင်ဆန်သော ခေါင်းဆောင်ဟောင်း မဟင်ဒါ ရာဂျာပက်ခ်ဆာကို ဝန်ကြီးချုပ်ရာထူး အစားထိုးခန့်အပ်ခဲ့သည်။ သမ္မတ မိုင်သရီပါလာ ဆရီဆီနာ၏ ပါလီမန်ကို ရပ်ဆိုင်းမှုကြောင့် အောက်တိုဘာ ၂၇ ရက်တွင် ပြုလုပ်သော ကန့်ကွက်မဲပေးမှုကို ရာဂျာပက်ခ်ဆာက အောင်မြင်နိုင်ခဲ့သည်။
အာဏာရရှိရန် ယှဉ်ပြိုင်မှုကို ဆရီဆီနာ၏ လုပ်ရပ်များက အစပျိုးပေးခဲ့ပြီး ၎င်းက ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကို ဖန်တီးခဲ့သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၉ ရက်၌ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၂ ဦး၊ ပြည်နယ်ဝန်ကြီး တစ်ဦးနှင့် ဒုတိယဝန်ကြီးတို့ ရှေ့မှောက်တွင် ဆရီဆီနာက ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ကျန်ရှိနေသေးသော ဝန်ကြီးရာထူးများကို ရွေးချယ် ခန့်အပ်သွားမည်ဖြစ်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဓမ္မ သျှရီ အီကန်ရိတ်ခ်က ပြောကြားခဲ့သည်။
ရေနံဝန်ကြီးဌာနတွင် အောက်တိုဘာ ၂၈ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကာ ယခု နိုင်ငံရေးဝရုန်းသုန်းကား အခြေအနေနှင့် ဆက်နွှယ်ပြီး ဖြစ်ပွားသော ပထမဆုံး အကြမ်းဖက်မှု တစ်ခုဖြစ်သည်။ ရာဂျာပက်ခ်ဆာကို ထောက်ခံအားပေးသူများက ဝစ်ကရီမီဆင်ဂေး လက်အောက်တွင် ရေနံဝန်ကြီးဖြစ်ခဲ့သူ အာဂျူနာ ရာနထွန်ဂါအား ဝန်ကြီးဌာနအတွင်း မဝင်ရောက်နိုင်ရန် ပိတ်ပင်ဆန္ဒပြနေစဉ်ရုန်းရင်းဆန်ခတ်အခြေအနေ ဖြစ်ပွားသောကြောင့် ၎င်း၏ လုံခြုံရေးအစောင့်များထဲက တစ်ဦးက သေနတ်ဖြင့် ပစ်ခဲ့မိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ခရစ်ကက်ကစားသမားမှ နိုင်ငံရေးသမား ဖြစ်လာသူ ရာနထွန်ဂါအား ပစ်ခတ်မှုနှင့် ပတ်သက်နေမှုဖြင့် ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၉ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံအသံလွှင့်ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ၎င်း၏ လုံခြုံရေးအစောင့်ကို အောက်တိုဘာ ၂၉ ရက်တွင် ဖမ်းဆီးခဲ့သည်။ ထို့နောက် ၁၉၉၆ ခုနှစ် ခရစ်ကက် ကမ္ဘာ့ဖလားဆုရရှိခဲ့သော သီရိလင်္ကာ ခရစ်ကက်အသင်း၏ ခေါင်းဆောင်ဖြစ်သူ ရာနထွန်ဂါက အာမခံ ရရှိခဲ့ကြောင်းသိရသည်။
သမ္မတ ဆရီဆီနာကို လုပ်ကြံရန်ကြံစည်မှုတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးပါဝင်နေမှု စွပ်စွဲချက်ကြောင့် ဆရီဆီနာက ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ စွပ်စွဲထားသော လုပ်ကြံရန်ကြံစည်မှုနှင့် ပတ်သက်ပြီး ဆရီဆီနာက အသေးစိတ်ပြောကြားခြင်း မရှိခဲ့ပေ။ ဝစ်ကရီမီဆင်ဂေးနှင့် တွဲဖက်အစိုးရအဖွဲ့ဝင်၊ စစ်တပ်အုပ်ချုပ်သူ အရာရှိဟောင်း ဆာရက် ဖွန်ဆီကာတို့က စွပ်စွဲထားသော လုပ်ကြံရန် ကြံစည်မှုနောက်ကွယ်တွင် ပါဝင်ကြောင်း နာမယ် ကုမာရာအမည်ရှိ ရဲတပ်ဖွဲ့သတင်းပေးတစ်ဦးက သတင်းထောက်များကို အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က အဆိုပါ လုပ်ကြံရန်ကြံစည်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိပြီး ဖမ်းဆီးများ မပြုလုပ်သေးကြောင်းသိရသည်။

















