နောင်ရူးကျွန်းရှိ ရွှေ့ပြောင်းချုပ်နှောင်ရေးစခန်းရှိ ရွှေ့ပြောင်းကလေးငယ်များ၏ ကျန်းမာရေးအခြေအနေဆိုးရွားလာနေကြောင်း ရွှေ့ပြောင်းအရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ပြောဆိုခဲ့ပြီး နောင်ရူးကျွန်းရှိ ရွှေ့ပြောင်းကလေးငယ်များကို နှစ်လအတွင်းဖယ်ရှားမည်ဖြစ်ကြောင်း သြစတြေးလျအစိုးရက နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သြစတြေးလျအစိုးရသည် နိုင်ငံကမ်းရိုးတန်းသို့ လှေများဖြင့် ရောက်ရှိလာသည့် ရွှေ့ပြောင်းများကို နိုင်ငံတွင်းခြေချခွင့်မပြုဘဲ နောင်ရူးနှင့် ပါပူအာနယူးဂီနီတို့ရှိ စခန်းများတွင် ထိန်းသိမ်းထားခဲ့သည်။ သြစတြေးလျအစိုးရ၏ယခုထုတ်ပြန်ချက်ကို ဒုက္ခအရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ကြိုဆိုခဲ့သည်။ နောင်ရူးတွင် မွေးဖွားသည့် ကလေး ၄၆ ဦးရှိနေသည်။
နိုဝင်ဘာ ၁ ရက်အထိ နောင်ရူးတွင် ကျန်ရှိသည့် ကလေး ၃၈ ဦးအထိရှိနေဆဲဖြစ်ကြောင်း လှုပ်ရှားသူများကပြောဆိုခဲ့သည်။ ပါပူအာနယူးဂီနီ၌ အမျိုးသားသီးသန့်ထားရှိသည့် စခန်းများသာရှိနေပြီး ခိုလှုံသူအားလုံးမှာ လူကြီးများဖြစ်ကြသည်။
နောင်ရူးရှိ ရွှေ့ပြောင်းကလေးငယ်အားလုံးကို ယခုနှစ်အတွင်း သြစတြေးလျသို့ ရွှေ့ပြောင်းနိုင်မည်ဟု မျှော်လင့်ပါကြောင်း ဗြိတိန်ရှိ သြစတြေးလျသံတမန် ကော်မရှင်နာမင်းကြီး ဂျော့ဂျ်ဘရန်ဒစ်ကပြောဆိုခဲ့သည်။ စကော့ မောရစ်ဆင် ဝန်ကြီးချုပ်အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့သည့် သြဂုတ်တွင် နောင်ရူး၌ ရွှေ့ပြောင်းကလေးငယ် ၁၁၃ ဦးအထိရှိခဲ့သည်။ ကလေးဦးရေသည် ၅၂ ဦးအထိကျဆင်းသွားခဲ့ကြောင်း အစိုးရက လွန်ခဲ့သောအပတ်တွင်ပြောဆိုခဲ့သည်။
၂၀၁၃ ခုနှစ် ဇူလိုင် ၁၉ ရက်မှစ၍ သြစတြေးလျသို့ စက်လှေများဖြင့် ရောက်ရှိလာသည့် ရွှေ့ပြောင်းခိုလှုံသူများများကို နိုင်ငံတွင်း အခြေချခွင့်ပြုတော့မည်မဟုတ်ကြောင်း သြစတြေးလျက ထုတ်ပြန်ထားသည်။ ကလေး ၄၇ ဦးနှင့် မိသားစုဝင်လူကြီး ၈၈ ဦးတို့အား လွန်ခဲ့သော နှစ်ပတ်အတွင်း သြစတြေးလျသို့ခေါ်ဆောင်လာခဲ့ပြီး နောင်ရူး၌ ကလေး ၃၈ ဦးကျန်ရှိနေဆဲဖြစ်ကြောင်း ရွှေ့ပြောင်းခိုလှုံသူ အရင်းအမြစ်ဌာန အကြီးအကဲ ယာနာ ဖာဗဲရိုကပြောဆိုခဲ့သည်။ ဆေးကုသမှုခံယူရန်အတွက် ကလေးများကို သြစတြေးလျသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ခန္ဓာကိုယ်တွင်းအင်္ဂါများအလုပ်မလုပ်တော့သည့် ကလေးငယ်များအပါအဝင် ကလေး ၅၀ ဦးကို ဆေးကုသမှုခံယူရန်အတွက် သြစတြေးလျသို့ ခေါ်ဆောင်ခွင့်ပြုရန် တရားရုံးမှတစ်ဆင့် ကြိုးပမ်းခဲ့ရခြင်းဖြစ်ကြောင်း အမျိုးသားတရားရေးပရောဂျတ်အဖွဲ့မှ လူ့အခွင့်အရေးရှေ့နေ ဂျော့ဂျ် နယူးဟောက်စ်ကပြောဆိုခဲ့သည်။
နောင်ရူးရှိ ကလေး ၁၅၀ ဦးနှင့် မိသားစုဝင်များကို လက်ခံမည်ဖြစ်ကြောင်း နယူးဇီလန်၏ကမ်းလှမ်းချက်ကို သြစတြေးလျအစိုးရက လက်ခံပေးရန် လိုလားနေကြောင်း စစ်တမ်းဖြေဆိုသူ ၇၉ ရာခိုင်နှုန်းကပြောဆိုခဲ့သည်ဟု ယူဂေါ့ဗ်ဂယ်လဇီက အောက်တိုဘာ ၁၇ မှ ၂၂ ရက်ကြားပြုလုပ်ခဲ့သည့် စစ်တမ်းတွင်ဖော်ပြထားသည်။ သြစတြေးလျရှိ အရွယ်ရောက်ပြီးသူ ၁၀၂၇ ဦးကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

















