နိုင်ငံခြားသားခရီးသွားများ ကိုယ့်အမှိုက်ကိုယ်တာဝန်ယူရန် နယူးဇီလန်တိုက်တွန်း

နိုင်ငံခြားသားခရီးသွားများ ကိုယ့်အမှိုက်ကိုယ်တာဝန်ယူရန် နယူးဇီလန်တိုက်တွန်း

နိုင်ငံခြားသားခရီးသွားများအနေဖြင့် နယူးဇီလန်ရှိ သဘာဝအလှတရားများကို လာရောက်ခံစားနိုင်သော်လည်း သန့်ရှင်းစွာခံစားပြီး ကိုယ့်ပစ်သည့်အမှိုက်များအတွက် ကိုယ့်တာဝန်ယူရန် နယူးဇီလန်အစိုးရက နိုဝင်ဘာ ၁ ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်ပြီဖြစ်သည်။

နိုင်ငံပိုင်လေကြောင်းလိုင်း အဲနယူးဇီလန်ပိုင် လေယာဉ်တွင် လိုက်ပါလာသည့် နိုင်ငံခြားသားခရီးသွားများသည် နိုင်ငံရှိ သဘာဝအလှတရားများကိုပြသပြီး ယင်းအလှတရားများ မပျက်စီးစေရေး ဝိုင်းဝန်းစောင့်ရှောက်ကြရန် တိုက်တွန်းထားသည့် နှစ်မိနစ်ကြာ ဗီဒီယိုဖိုင်ကို ကြည့်ရှုရမည်ဖြစ်သည်။

နယူးဇီလန်အစိုးရသည် တီယာကီကတိဆိုသည့် အယူအဆသစ်ဖြင့် လှုပ်ရှားဆောင်ရွက်နေခြင်းဖြစ်သည်။ တီယာကီဆိုသည်မှာ မောင်ရီတိုင်းရင်းသားမျိုးနွယ်မှ စကားလုံးဖြစ်ပြီး ကာကွယ်ခြင်းသို့မဟုတ် ဂရုစိုက်ခြင်း ဟု အဓိပ္ပါယ်ရသည်။ မကြာသေးမီနှစ်များအတွင်း နယူးဇီလန်သို့ နိုင်ငံခြားခရီးသွားအများအပြားလာရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှရရှိသော ဝင်ငွေသည် ၂၀၁၆ ခုနှစ်တွင် အဓိကငွေရှာပေးနေသည့် နို့ထွက်ပစ္စည်းလုပ်ငန်းမှ ရရှိသော ငွေထက်ပင်ပိုမိုများပြားခဲ့သည်။

လူဦးရေ ၅ သန်းခန့်သာရှိသည့် နယူးဇီလန်သို့ ယမန်နှစ်တွင် ခရီးသွား ၃ ဒသမ ၈ သန်းလာရောက်ခဲ့သည်။ အများစုမှ သြစတြေးလျ၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့မှဖြစ်သည်။ ကမ္ဘာပေါ်ရှိ တချို့အစိတ်အပိုင်းများတွင် အမှိုက်ပစ်ခြင်းမှာ ပုံမှန်ဖြစ်ပြီး အမှိုက်ကောက်ရန် လူများကို အခကြေးငွေပေးထားကြောင်း၊ အမှိုက်မပစ်ပါနှင့်မပြောပါက အမှိုက်ပစ်ကြည့်လိ်မ့်မည်ဖြစ်ပြီး ခရီးသွားအများဆုံးဝင်ရောက်သည့် ရာသီတွင် ပြဿနာတစ်ခုဖြစ်လာနိုင်ကြောင်း နယူးဇီလန်ခရီးသွားလာရေးဌာနမှ အမှုဆောင်အရာရှိ စတီဖင် အင်္ဂလန်-ဟောကပြောဆိုခဲ့သည်။

နိုင်ငံခြားသားခရီးသွားတချို့သည် ငွေကုန်ကြေးကျမများစေရန်အတွက် စခန်းချရန်ခွင့်ပြုထားသည့် နယ်မြေတွင် တဲငယ်များထိုးကာ စခန်းချကြပြီး ယင်းနေရာတွင် သန့်စင်ခန်းများနှင့် အမှိုက်ပုံများမရှိသောကြောင့် ခရီးသွားများပြန်သွားပြီးနောက် အညစ်အကြေးများသာကျန်ရှိတတ်သောကြောင့် နယူးဇီလန်နိုင်ငံသားများ မကျေမနပ်ဖြစ်နေကြသည်။