၂၀၁၄ ခုနှစ်မှစ၍ ကမ္ဘာတစ်ဝန်း သေဆုံးသို့မဟုတ် ပျောက်ဆုံးနေခဲ့သည့် ရွှေ့ပြောင်းဦးရေသည် ၅၆၈၀ဝ ဦးအထိရှိခဲ့ကြောင်း အေပီသတင်းဌာန၏လေ့လာမှုအရသိရသည်။
ကုလသမဂ္ဂနိုင်ငံတကာရွှေ့ပြောင်းအဖွဲ့( အိုင်အိုအမ်)က ထုတ်ပြန်ခဲ့သည့် ဦးရေထက် နှစ်ဆခန့်ရှိနေသည်။ အောက်တိုဘာ ၁ ရက်အထိ သေဆုံးသို့မဟုတ် ပျောက်ဆုံးခဲ့သည့် ရွှေ့ပြောင်းဦးရေသည် ၂၈၅၀ဝ ခန့်ရှိကြောင်း အိုင်အိုအမ်က ထုတ်ပြန်ခဲ့သည်။
သို့သော် အခြားနိုင်ငံတကာအဖွဲ့များ၏ထုတ်ပြန်မှု၊ သေမှုသေခင်းစစ်ဆေးမှုစာရင်းအင်းများ၊ ပျောက်ဆုံးကြောင်းတိုင်ကြားမှု၊ သေစာရင်းများနှင့် ရွှေ့ပြောင်းထောင်ပေါင်းများစွာနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုများအပေါ် အခြေခံပြီး အေပီသည် ပျောက်ဆုံးသို့မဟုတ် သေဆုံးသူ ၂၈၃၀ဝ ဦးကို နောက်ထပ်ထည့်ပေါင်းဖြည့်စွက်နိုင်ခဲ့သည်။
အေပီ၏စာရင်းမှာ နည်းနေသေးသည်။ သဲကန္တရများတွင် ရှာမတွေ့သေးသည့် ရွှေ့ပြောင်းရုပ်အလောင်းများနှင့် ပင်လယ်ကြမ်းပြင်ရှိ ရွှေ့ပြောင်းရုပ်အလောင်းများကျန်ရှိနေသေးသည်။ ရွှေ့ပြောင်းမှုမှာ တရားမဝင်သောကြောင့် ကျန်ရစ်သူမိသားစုသည် မိသားစုဝင်များ ပျောက်ဆုံးနေကြောင်း အာဏာပိုင်များကို တိုင်ကြားမှုမပြုခဲ့ကြချေ။
ဥရောပမှာပင် ရွှေ့ပြောင်းများနှင့်ပတ်သက်သော သတင်းအချက်အလက်ကရှားပါးနေသည်။ တောင်အမေရိကရှိ သေဆုံးသို့မဟုတ် ပျောက်ဆုံးရွှေ့ပြောင်းဦးရေနှင့်ပတ်သက်၍ များစွာမသိရှိရချေ။ အစိုးရများသည် သေဆုံးသို့မဟုတ် ပျောက်ဆုံးနေသည့် ရွှေ့ပြောင်းများအရေးနှင့်ပတ်သက်၍ ဂရုမထားသောကြောင့် သတင်းအချက်မရရှိခြင်းဖြစ်ကြောင်း အေပီသတင်းဌာနကပြောဆိုခဲ့သည်။
ရွှေ့ပြောင်းများသည် လူများဖြစ်နေသေးသည်ဆိုသည့် အချက်ကို လျစ်လျူရှုထားသောကြောင့်ဖြစ်ကြောင်း ဂျနီဗာအခြေစိုက် လူမျိုးစုံရွှေ့ပြောင်းဌာန၏အကြီးအကဲ ဘရမ် ဖရောင်စ်ကပြောဆိုခဲ့သည်။ ဌာနသည် ၂၀၁၄ ခုနှစ်ကတည်းက ရွှေ့ပြောင်း ၂၀ဝ၀ဝ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ပြီးဖြစ်သည်။
၂၀၁၃ ခုနှစ် အောက်တိုဘာတွင် အီတလီကမ်းလွန်၌ သင်္ဘောနှစ်စင်းနစ်မြုပ်မှုကြောင့် လူ ၃၆၈ ဦးသေဆုံးခဲ့ပြီးနောက် အိုင်အိုအမ်သည် သေဆုံးသည့် ရွှေ့ပြောင်းစာရင်းကို စတင်စုဆောင်းခဲ့သည်။ အဖွဲ့သည် မြေထဲပင်လယ်ထဲတွင် သေဆုံးသူဦးရေကို အဓိကထားခဲ့သောကြောင့် သုတေသနပညာရှင်များသည် ကမ္ဘာ့အခြားနေရာများရှိ သေဆုံးသည့် ရွှေ့ပြောင်းစာရင်းကိုပါ ထည့်သွင်းရန် တောင်းဆိုခဲ့ရသည်။ ယခုနှစ်အတွင်း အာဖရိကနှင့် ဥရောပကြားရှိ ရေပြင်တွင် ရွှေ့ပြောင်း ၁၇၀ဝ ကျော်သေဆုံးခဲ့ကြောင်း အိုင်အမ်အိုက လေ့လာတွေ့ရှိခဲ့သည်။

















