မြောက်ကိုရီးယား၌ အမျိုးသမီးများအပေါ် လိင်ပိုင်းအနိုင်ကျင့်မှုများ အကြီးအကျယ်ဖြစ်ပွားနေသော်လည်း အမျိုးသမီးများသည် ထုတ်ပြောဆိုခွင့်မရရှိကြကြောင်း နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က မြောက်ကိုရီးယားမှ ထွက်ပြေးတိမ်းရှောင်လာသူ ၁၀၆ ဦးကို တွေ့ဆုံမေးမြန်းပြီး ရေးသားခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားအမျိုးသမီးများသည် လိင်ပိုင်းအနိုင်ကျင့်မှုများ၊ ထိကပါးရိကပါးလုပ်မှုများကို အနိုင်ကျင့်မှုများအဖြစ်ပင် မမြင်နိုင်တော့ဘဲ နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်များဟုပင် ယူဆလာခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
မြောက်ကိုရီးယားရှိ လိင်ပိုင်းအကြမ်းဖက်မှုများသည် လူသိရှင်ကြားဖြစ်သော်လည်း ဖြေရှင်းနိုင်ခြင်းမရှိဘဲ သည်းခံထားသည့် ဖြစ်ရပ်ဖြစ်နေကြောင်း၊ တရားမျှတမှုရရှိမည်ဖြစ်ကြောင်း ယုံကြည်ပါက မြောက်ကိုရီးယားသူများသည် အခြားနိုင်ငံများရှိ အမျိုးသမီးများကဲ့သို့ MeToo ( ကျွန်မလည်းပဲ) ဆိုသည့် ကြွေးကြော်မှုများကိုပြုလုပ်မည်ဖြစ်ကြောင်း ကင်ဂျုံအွန်၏အာဏာရှင်စနစ်အောက်တွင် ၎င်းတို့၏အသံပျောက်ခဲ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကန်နက်ရို့သ်ကပြောဆိုခဲ့သည်။
မြောက်ကိုရီးယားရှိ အမျိုးသမီးအားလုံးကို တန်ဖိုးထားလေးစားပြီး ၎င်းတို့သည် သူရဲကောင်းမများကဲ့သို့ ဦးဆောင်နေကြကြောင်း မြောက်ကိုရီးယားအစိုးရက ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့ဖူးသည်။ သို့သော် မြောက်ကိုရီးယားသည် တောင်ကိုရီးယားသမ္မတဟောင်း ပါ့ခ်ဂွမ်ဟေးအား ပြည့်တန်ဆာဟုပင် ခေါ်ဆိုခဲ့ပြန်သည်။
မြောက်ကိုရီးယားရှိ ချုပ်နှောင်ရေးစခန်းများ၊ ဈေးများ၊ စစ်ဆေးရေးစခန်းများ၊ ရထားများ၊ လမ်းများနှင့် စစ်အခြေစိုက်စခန်းများတွင် လိင်ပိုင်းအနိုင်ကျင့်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေကြောင်း "ညအချိန်မှာ ငိုတယ်၊ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ"ဟု အမည်ရသည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။ အကျဉ်းထောင်စောင့်၊ ရဲတပ်ဖွဲ့ဝင်၊ ဥပဒေအရာရှိ၊ စစ်သားနှင့် ဈေးကြီးကြပ်ရေးမှူးများကဲ့သို့ ရာထူးရာခံရှိသူများက လိင်ပိုင်းအနိုင်ကျင့်လေ့ရှိကြောင်း အစီရင်ခံစာတွင်ရေးသားထားသည်။

















