မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ဆိုးလ်မြို့သို့ မကြာခင် လာရောက်လည်ပတ်ရန်ရှိကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက နိုဝင်ဘာ ၁ ရက်တွင် တရားဝင် ထုတ်ပြန်ပြောကြားလိုက်သည်။
မြောက်ကိုရီးယားနှင့် အမေရိကန် ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲလည်း ကျင်းပဖြစ်ရန် နီးစပ်နေပြီဖြစ်သလို၊ တရုတ်သမ္မတ ရှီကျင့်ဖျင်သည်လည်း မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်ရန်ရှိနေကြောင်း သမ္မတ မွန်းက လွှတ်တော်၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်သည် ရုရှားသို့လည်း မကြာခင် သွားရောက်လည်ပတ်မည်ဟု ခန့်မှန်းရပြီး၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးနှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်း သမ္မတ မွန်းက ထည့်သွင်းပြောကြားသည်။
စက်တင်ဘာလက သမ္မတ မွန်း၏ ပြုံယမ်းခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်က ယခုနှစ်မကုန်ခင် ဆိုးလ်သို့ အလည်အပတ်လာရောက်မည်ဟု ကတိပေးထားခဲ့သည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှု အရင်းပြုကာ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ကာ ထာဝရတည်တံ့သည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း သမ္မတမွန်းက ပြောသည်။
ယခုလဆန်းပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ပြုံယမ်းသို့ လေးကြိမ်မြောက် သွားရောက်ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံရေး ပိုမိုနီးစပ်လာခဲ့သည်။
လာမည့်နှစ်ဆန်းပိုင်းတွင် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပဖြစ်ဖွယ်ရှိသည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက အကြမ်းဖျင်းဆိုထားသည်။

















