အမေရိကန်ပြည်သူ သုံးပုံတစ်ပုံ မီဒီယာကို ရန်သူအဖြစ် ရှုမြင်ဟု သမ္မတ ထရမ့် ဆို

အမေရိကန်ပြည်သူ သုံးပုံတစ်ပုံ မီဒီယာကို ရန်သူအဖြစ် ရှုမြင်ဟု သမ္မတ ထရမ့် ဆို

လာမည့်သီတင်းပတ်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဖလော်ရီဒါပြည်နယ်တွင် မဲဆွယ်ပွဲ ကျင်းပစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်သူ သုံးပုံတစ်ပုံသည် မီဒီယာကို ရန်သူအဖြစ် ရှုမြင်နေကြကြောင်းဖြင့် ပြောကြားလိုက်သည်။

မိမိသည် အမုန်းတရား ပွားများအောင် အားထုတ်သူများ၊ အမြင်မတူသူများကို မလေးစားသူများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြောဆိုသည့်တိုင် မီဒီယာသည် ထိုအချက်များကို ထည့်သွင်းရေးသားခြင်းမရှိဘဲ ချန်လှပ်ထားကြောင်းဖြင့်လည်း သမ္မတ ထရမ့်က မီဒီယာများကို ဝေဖန်ပြောကြားသည်။

အမေရိကန်ပြည်သူ သုံးပုံတစ်ပုံက မီဒီယာကို ရန်သူအဖြစ် မည်သည့်အတွက်ကြောင့် ရှုမြင်နေကြောင်းကိုမူ သမ္မတ ထရမ့်က အထောက်အထား ထည့်ပြောခြင်းမရှိ။

ထရမ့်သည် နိုင်ငံရေးပြိုင်ဘက်များ၊ မီဒီယာများ၊ ရွှေ့ပြောင်းခိုလှုံသူများကို ခွဲခြားဆက်ဆံသည့် စကားလုံးကြမ်းကြမ်းများ၊ ဗျူဟာကြမ်းကြမ်းများ ကျင့်သုံးနေကြောင်း ဝေဖန်သူများက ဆိုလျက်ရှိသည်။

ယခုသီတင်းပတ်အတွင်း ပင်ဆယ်ဗေးနီးယားတွင် ဂျူး ၁၁ ဦး သတ်ဖြတ်ခံခဲ့ရသော ပစ်ခတ်မှုဖြစ်ပွားရာ ဘုရားကျောင်းသို့ သမ္မတထရမ့် သွားရောက်ဝမ်းနည်းစကား ပြောကြားခဲ့ရာ လူရာချီက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ထိုတိုက်ခိုက်မှုသည် သမ္မတ ထရမ့်၏ ပြောဆိုမှုများနှင့် မည်သို့မျှ မပတ်သက်သလို၊ သေနတ်သမားသည်လည်း သမ္မတ ထရမ့်ကို ထောက်ခံသူမဟုတ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပြောကြားသည်။

"လူမျိုးရေး ခွဲခြားတာ၊ အမြင်မတူသူတွေကို တိုက်ခိုက်တာ၊ အမုန်းတရား ပွားများအောင် ဖန်တီးတာတွေကို ကျုပ်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချနေတဲ့တိုင် မီဒီယာတွေက အဲ့ဒါတွေကိုကျတော့ ထည့်သွင်းဖော်ပြဖော်မရဘူး။ လိုတဲ့ဘက်ကိုပဲ ဆွဲပြီး ဖော်ပြတယ်။ ဒါကြောင့်ပဲ ၃၃ ရာခိုင်နှုန်းသော အမေရိကန်ပြည်သူတွေဟာ မီဒီယာကို ရန်သူလို ရှုမြင်ကြတာပဲ" ဟု သမ္မတ ထရမ့်က ဆိုသည်။