ဂျာဗားပင်လယ်တွင်း ပျက်ကျကာ လေယာဉ်ပေါ် လိုက်ပါသူ ၁၈၉ ဦးလုံး သေဆုံးခဲ့ရသော Lion Air လေကြောင်းလိုင်း လေယာဉ်အမှတ် ဂျေတီ ၆၁၀ ၏ ပျံသန်းမှုဒေတာမှတ်တမ်းတင်စက်ကို နိုဝင်ဘာ ၁ ရက်တွင် ရေငုပ်အဖွဲ့များက ဆယ်ယူရရှိပြီဖြစ်ကြောင်း သိရသည်။
လုပ်ငန်းခွင်တွင်း စတင်ပျံသန်းသည်မှာ နှစ်လသာ ရှိသေးသော အသစ်စက်စက် Boeing 737 MAX 8 လေယာဉ်သည် မည်သည့်အတွက်ကြောင့် ပျက်ကျရကြောင်းကို ဖော်ထုတ်နိုင်ရေးသည် မှတ်တမ်းစက်ကို တွေ့ရှိသဖြင့် နီးစပ်လာပြီဖြစ်သည်။
၁၉၉၇ ခုနှစ်က မီဒန်မြို့အနီး လူ ၂၃၄ ဦး သေဆုံးခဲ့ရသော ဂါရူဒါလေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုပြီးလျှင် ယခု ပျက်ကျမှုသည် အင်ဒိုနီးရှားတွင် လူသေဆုံးမှုအများဆုံးလည်း ဖြစ်သည်။
ရုပ်သံသတင်းများအရ ရေငုပ်သမားနှစ်ဦးသည် လိမ္မော်ရောင်တောက်တောက် မှတ်တမ်းတင်စက်ကို လှေပေါ်တင်နေကြသည်ကို တွေ့ရသည်။
ထိုနေရာအနီး ရေအောက်မှာပင် လေယာဉ်ကိုယ်ထည်ကိုလည်း တွေ့ရှိထားကြောင်း သိရသည်။ ပျံသန်းမှု ဒေတာမှတ်တမ်းတင်စက်ကိုသာ တွေ့ရှိသေးပြီး လေယာဉ်မောင်းခန်းအတွင်းက အသံမှတ်တမ်းတင်စက်ကို ဆက်လက်ရှာဖွေဆဲ ဖြစ်ကြောင်း အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး လုံခြုံဘေးကင်းရေး ကော်မရှင်မှ တာဝန်ရှိသူ ဘမ်ဘန်း အီရာဝမ်က ပြောသည်။
ထိုစက်ကို တွေ့ရှိပါက လေယာဉ်နောက်ဆုံးအချိန်တွင် မောင်းခန်းအတွင်းက အသံများကို ကြားနိုင်ကာ ပျက်ကျမှုကို ဖော်ထုတ်နိုင်ဖွယ်ရှိသည်။
လေယာဉ် နောက်ဆုံးအဆက်အသွယ်ပြတ်သွားသည့်နေရာမှ မီတာ ၅၀ဝ အကွာတွင် မှတ်တမ်းစက်ကို ဆယ်ယူရရှိခြင်းဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ မူဟမ္မဒ် ယူဂီက ပြောသည်။

















