မသင်္ကာဖွယ်ရပ်တန့်ထားသည့် ကားကိုစစ်ဆေးရာက စိတ်ကြွဆေးပြားနှင့် လက်နက်များသိမ်းဆည်းရမိ

မသင်္ကာဖွယ်ရပ်တန့်ထားသည့် ကားကိုစစ်ဆေးရာက စိတ်ကြွဆေးပြားနှင့် လက်နက်များသိမ်းဆည်းရမိ

ဘားအံမြို့နယ်တွင် မသင်္ကာဖွယ်ရပ်တန့်ထားသည့် ကားကိုစစ်ဆေးရာက စိတ်ကြွဆေးပြား၊ လက် နက်များနှင့်အတူ ကွင်းဆက်တရားခံတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၃ဝ ရက် ညနေ ၄ နာရီ ၅မိနစ် အချိန်ခန့်တွင် ဘားအံမြို့(၄)ရပ်ကွက်၊ ကမ်းနားလမ်း သံလွင်မြစ်ကမ်းဘေးတွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် မော်တော်ယာဉ်ကို  သက် ဆိုင်ရာပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။

ယာဉ်မောင်းထိုင်ခုံပေါ်တွင် စိုးပိုင်(ခ)ဝင်းပိုင် ၄၈ နှစ်ကို တွေ့ရှိရပြီး မော်တော်ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၆ ပြား ကျပ် ၃၇၈ဝဝဝ နှင့် ပစ္စတိုသေနတ်အစိတ်အပိုင်းများဖြစ်သည့် အရှည် ၇ လက်မခန့်ရှိ သေနတ်ပြောင်းကာ ၁ ခု၊ အရှည် ၅ လက်မခန့်ရှိ သေနတ်ပြောင်း ၁ ခု၊ အရှည် ၆ လက်မခန့်ရှိ ခလုပ်ကာကွင်းမှ သေနတ်လက်ကိုင် ၁ ခု၊ .၃၂ ကျည် ၁ တောင့်၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဓါးဦးချွန် ၁ ချောင်းနှင့် မူးယစ် ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်း ဆည်းခဲ့သည်။

 ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၈ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် (၄)ရပ်ကွက် သရဖီလမ်းဒေါင့်တွင် မူးယစ်ဆေးဝါးပို့ဆောင်သူ အောင်စိုး ၄၈ နှစ်ကို ဆက်လက်ဖမ်းဆီးခဲ့ပြီး ၎င်းနေအိမ်အတွင်း ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြုသည့် ဆိုင်ကယ် ၁ စီးကို ဆက်လက်သိမ်းဆည်းခဲ့ပြီး ဘားအံမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်။