မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် Warrixတို့၏ ဂျာစီစပွန်ဆာစာချုပ်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် Warrixတို့၏ ဂျာစီစပွန်ဆာစာချုပ်ပွဲ ကျင်းပမည်

မြန်မာ့လက်ရွေးစင်အသင်းများအား ထိုင်းအခြေစိုက် Warrix အားကစားကုမ္ပဏီမှ ဂျာစီစပွန်ဆာပေးအပ်ခြင်းနှင့် ပတ်သတ်သည့် မိတ်ဆက်သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၆ရက် မွန်းလွဲ၂နာရီတွင် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်ရှိ ပုဂံခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နှစ်ဘက်သဘောတူညီ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းများနှင့် ဂျာစီစပွန်ဆာသက်တမ်းကုန်ဆုံးခဲ့သည့် FBTနေရာတွင် Warrix တံဆိပ်ဖြင့်အစားထိုးရန် ပြီးခဲ့သည့် အောက်တိုဘာလက နှစ်ဘက်သဘောတူညီမှု ရရှိခဲ့သည်။ ဂျာစီစပွန်ဆာအတွက် Warrix အားကစားကုမ္ပဏီနှင့် နှစ်ရှည်စာချုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အား ဂျာစီစပွန်ဆာအပြင် ငွေကြေးစပွန်ဆာပါပေးရန် ရှိနေကြောင်း သိရသည်။

စပွန်ဆာစာချုပ် ချုပ်ဆို

Warrix Sports ကုမ္ပဏီကို ၂၀၁၃ခုနှစ်တွင် ထိုင်းနိုင်ငံ၌ စတည်တည်ထောင်ခဲ့ပြီး ထိုင်းကလပ်အသင်းများဖြစ်သည့် ချင်းမိုင်နှင့် နတ်ခ်ခွန်ဘောလုံးအသင်းတို့အား ပထမဦးဆုံးစပွန်ဆာပေးခဲ့ကာ ထိုင်းလက်ရွေးစင်အသင်းနှင့် ပြီးခဲ့သည့် ၂၀၁၆ခုနှစ်တွင် ဘတ်သန်း ၄၀ဝတန်ကြေးရှိ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည်။

သေချာခြင်းမရှိသေး

ဆူဇူကီးပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်ကစားသမားများမှာ ကာတာနိုင်ငံတွင် လေ့ကျင့်ခြေစမ်းလျက်ရှိသဖြင့် အဆိုပါမိတ်ဆက်သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို တက်ရောက်နိုင်ရန် သေချာခြင်းမရှိသေးပေ။ အတည်မပြုနိုင်သေးသော သတင်းများအရ နည်းပြချုပ်အန်တွမ်နီဟေးလ်ဦးဆောင်သည့် မြန်မာအသင်းမှာ နိုဝင်ဘာ ၅ရက်တွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာဖွယ်ရှိနေကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး