မွန်းကျပ်မှုများ ဖြေဖျောက်ရာ မြို့ပြတစ်နေရာ

မွန်းကျပ်မှုများ ဖြေဖျောက်ရာ မြို့ပြတစ်နေရာ

မြို့ပြရဲ့ ရှုပ်ယှက်ခပ်နေတဲ့ ဘောင်ထဲကနေ ခဏလောက် အပြင်ထွက်ကြည့်ရအောင်ပါ။ ကားသံတွေ၊ ဟွန်းတီးသံတွေ၊ ဆောင်းဘောက်စ်က ကျယ်ကျယ်လောင်လောင် လွင့်ပျံ့လာတဲ့ သီချင်းသံတွေနဲ့ဝေးရာ သဘာဝဌာနီတစ်ခု ရန်ကုန်မြို့မှာ ရှိပါတယ်။တကယ်တော့ ဒီနေရာဟာ သစ်ရိပ်၊ ဝါးရိပ်ရတဲ့အပြင် အေးအေးလူလူ အနားယူနိုင်ပြီး၊ မိတ်ဆွေအပေါင်းအဖော်များနဲ့ လည်ပတ် အပန်းဖြေနိုင်ပါတယ်။ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်ပြယုဂ်တွေအနက်က တစ်ခုလည်းဖြစ်ပါတယ်။

''တနင်္ဂနွေဆိုရင် တံခါးမဖွင့်ခင်ကတည်းက လူတွေက ရောက်နေကြပါပြီ'' လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က စီမံရေးရာ မန်နေဂျာ ဦးမျိုးကျော်သူက ပြောပါတယ်။သူစီမံခန့်ခွဲရတာက လူတွေကို မဟုတ်ပါဘူး။ လူတွေနဲ့ ဘာသာစကားချင်း မတူပေမဲ့ လူတွေနဲ့ အနီးစပ်ဆုံးမှာ နေခွင့်ရကြတဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက သားရဲ မျိုးစိတ်မျိုးစုံရဲ့ နေရာထိုင်ခင်းနဲ့ အစားအသောက်တွေကို ဦးမျိုးကျော်သူက စီမံခန့်ခွဲရတာပါ။ ၁၉ဝ၆ က စတင်တည်ရှိခဲ့တဲ့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ဟာ အခုဆိုရင် နှစ်ပေါင်း ၁၁၂ နှစ်တောင် ရှိနေပါပြီ။ အကျယ်အဝန်း မြေဧက ခန့်မှန်းခြေ ၆ဝ လောက်ရှိတဲ့ ဒီမြေဟာ ကျား၊ ခြင်္သေ့လို တောဘုရင်တွေနဲ့ မြို့သူ၊ မြို့သားတွေ ဘေးမသီ၊ ရန်မခ ဆုံစည်းရာ နေရာလည်း ဖြစ်ပါတယ်။လေ့လာစရာတွေ ပြည့်နှက်နေပေမဲ့ လူသိနည်းပြီး၊ လူတွေ သိပ်အာရုံမစိုက်ကြတဲ့ နောက်တစ်နေရာကတော့ တိရစ္ဆာန်ဥယျာဉ်ဝင်းထဲမှာပဲရှိနေတဲ့ သဘာဝသမိုင်းပြတိုက်ပါ။ ၁၉၉၆ မှာ ဖွင့်လှစ်ခဲ့တာကြောင့် သက်တမ်းအားဖြင့် ၂၂ နှစ် ရှိနေပြီဆိုပေမဲ့ စိတ်ဝင်တစား သွားရောက်လေ့လာ၊ ဖွေရှာသူ နည်းပါးတယ်လို့ ပြတိုက်တာဝန်ရှိသူတွေက ဆိုပါတယ်။

''တကယ်တော့ ပြတိုက်က ဂုဏ်ယူစရာပါ။ သူများနိုင်ငံမှာ မရှိတာတွေက ပြတိုက်မှာ အများကြီးရှိတယ်''လို့ အုပ်ချုပ်ရေးမှူးဦးထွန်းဝင်းအောင်က ဆိုပါတယ်။သမိုင်းမှတ်တမ်းတွေအရ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဆိုတာ ခေသူမဟုတ်လို့ ဆိုနိုင်ပါတယ်။ ပြည်တွင်းမှာမရှိတဲ့ ပြည်ပ တိရစ္ဆာန် မျိုးစိတ်တွေကို သားပေါက်မျိုးပွားပေးနိုင်ခဲ့တဲ့အပြင်၊ ပြည်တွင်းတခြား တိရစ္ဆာန် ဥယျာဉ်တွေသာမက ပြည်ပဥယျာဉ်တွေကိုလည်း သားပေါက်တွေ ခွဲပေးနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တွေလည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ပိုင်ဆိုင်ထားပါတယ်။

သမိုင်းတန်ဖိုးတစ်ခုရှိနေတဲ့အတွက် ဒါကို ထိန်းသိမ်းဖို့လိုအပ်တယ်လို့ ထောက်ပြလာတဲ့သူရှိသလို၊ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ တိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်လာအောင် ပြုလုပ်ပေးဖို့ တောင်းဆိုသူတွေလည်း ရှိနေပါတယ်။ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းဥက္ကဌဦးသိန်းအောင်ကတော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာ ကျန်တဲ့ အရှေ့တောင်အာရှတန်းဝင် တိရစ္ဆာန်ဥယျာဉ်တစ်ခုအဖြစ် ရောက်လာအောင် တာဝန်ရှိသူတွေက စီမံခန့်ခွဲသင့်ကြောင်း ထောက်ပြပါတယ်။

''အနည်းဆုံးတော့ အရှေ့တောင်အာရှမှာရှိတဲ့ တိရစ္ဆာန်ဥယျာဉ်အဆင့်တော့ရှိသင့်တာပေါ့။ ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ကြီးကို ဖျက်ဖို့ ပြောတာမဟုတ်ပါဘူး။အဆောက်အအုံတွေကို ရှေးဟောင်းအဆင့်နဲ့ထားပါ။ ဒါပေမဲ့ ကျားလှောင်အိမ်ကို သုံးလို့မရတော့ရင် လှောင်အိမ်ကို ပြထားပြီး ကျားအတွက် လှောင်အိမ်အသစ်ထားလိုက်မယ်။ ပြီးရင် ဒီလှောင်အိမ်အဟောင်းကတော့ အင်္ဂလိပ်လက်ထက်ကတည်းက ထားကြတာဆိုတာမျိုး ပြလို့ရတယ်။ တစ်ဖက်ကလည်း ခေတ်မီရမလို မျိုးစိတ်လည်းစုံရမှာပေါ့'' လိုု့ ဦးသိန်းအောင်က ပြောပါတယ်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)ကို အများပြည်သူအပန်းဖြေအနားယူရန်၊ ဗဟုသုတရှာနိုင်ရန်နဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သတ္တဗေဒနဲ့ရုက္ခဗေဒဆိုင်ရာပညာရှာနိုင်ရန်အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။ဒါ့ပြင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးအတွက် ပြည်သူလူထုကိုစည်းရုံးဖို့၊ ပညာပေးဖို့၊ သုတေသနတွေ လုပ်ဖို့နဲ့ ရှားပါးတိရစ္ဆာန်မျိုးစိတ်တွေကို ထိန်းသိမ်းဖို့အပြင်၊ သားဖောက်မျိုးပွားရေး စတဲ့ အရေးကြီးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။

ကမ္ဘာတစ်ဝန်း နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ဥယျာဉ်စာရင်းမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို နေ့စဉ်လာရောက်လည်ပတ်သူဦးရေဟာ ၅,ဝဝဝ ကနေ ၁ဝ,ဝဝဝ ကြား ရှိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ၂ဝ၁၇ မှာ တိရစ္ဆာန်ဥယျာဉ်ကို ဝင်ရောက်လည်ပတ်သူ အရေအတွက်ဟာ တစ်သန်းခွဲအထိ ရှိခဲ့ပါတယ်။တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၂ မျိုးနဲ့ အကောင်အရေအတွက် ၁,၄ဝဝနီးပါး မွေးမြူပြသထားတဲ့အပြင် နောက်ထပ် မျိုးစိတ်သစ်တွေကိုလည်းထည့်သွင်းပြသနိုင်အောင် ကြိုးစားနေပါတယ်။

''အခုတလောမှာဆိုရင် ဓာတ်ပုံရိုက်လို့ကောင်းမယ့် နေရာတွေကို အဓိက ဖန်တီးပေးဖြစ်ပါတယ်။ ပန်းတွေကတော့ ရာသီအလိုက် စိုက်ပါတယ်။ အရမ်းကြီး တောက်ပြောင်မနေဘဲ သဘာဝအတိုင်းလိုပဲဖြစ်အောင် ဖန်တီးပေးထားပါတယ်'' လို့ ဦးမျိုးကျော်သူက ပြောပါတယ်။ဥယျာဉ်ဝင်ကြေးကို မြန်မာနိုင်ငံသားတွေဆိုရင် လူကြီး ကျပ် ၁,ဝဝဝ၊ ကလေး ကျပ် ၅ဝဝ နဲ့ နိုင်ငံခြားသားဆိုရင် လူကြီး ကျပ်၃,ဝဝဝ နဲ့ ကလေး ကျပ် ၂,ဝဝဝ ကောက်ခံပါတယ်။ လက်ရှိမှာ ဝန်ထမ်းအယောက် ၂၂ဝ ကျော်နဲ့ လည်ပတ်နေပြီး၊ တစ်နေ့ကို တိရစ္ဆာန်အစာဖိုး ကျပ် ၁ဝ သိန်းလောက် ကုန်ကျပါတယ်။ဒါပေမဲ့ တချို့နေရာတွေမှာတော့ ဆိုးရွားတဲ့ အနံ့အသက်တွေ ရှိနေတုန်းပါပဲ။ လာရောက်လည်ပတ်သူ တချို့ကတော့ ဒီအနံ့အသက်တွေကို ခံနိုင်ရည်ရှိပုံ မပေါ်ပါဘူး။

''အနံ့တွေကတော့ နံတုန်းပါ။ ဆိုးဆိုးရွားရွားနံတာက ဖျံ၊ ရေမြင်း၊ ငှက်ရုံနားတွေမှာ နံတယ်။ ဆင်တွေနားမှာတော့ မနံဘူး။ တော်တော်များများနေရာတွေမှာ အနံ့တွေ နံတုန်းပဲ။ သန့်ရှင်းပြီး လူလာချင်အောင်လုပ်ပေးဖို့ လိုနေပါသေး တယ်''လို့ တိရစ္ဆာန် ဥယျာဉ်ရန်ကုန်ကို သိပ်မကြာသေးခင်ကပဲ သွားရောက်လည်ပတ်ခဲ့တဲ့ မမီးမီးက ပြောပါတယ်။ပြုပြင်သင့်တဲ့အချက်တွေ၊ လိုအပ်ချက်တွေရှိနေတဲ့တိုင်အောင်၊ မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ခေတ္တထွက်ပြေးချင်လာရင်တော့ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်က အမြဲကြိုဆိုနေပါတယ်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်