တရုတ်အခြေစိုက်ကုမ္ပဏီများကို ကုန်သွယ်ရေးလျှို့ဝှက်ချက်ခိုးယူမှုဖြင့် အမေရိကန်စွဲချက်တင်

တရုတ်အခြေစိုက်ကုမ္ပဏီများကို ကုန်သွယ်ရေးလျှို့ဝှက်ချက်ခိုးယူမှုဖြင့် အမေရိကန်စွဲချက်တင်

လူပုဂ္ဂိလ်သုံးဦးနှင့် တရုတ်နှင့် ထိုင်ဝမ်(တရုတ်တိုင်ပေ)အခြေစိုက် ကုမ္ပဏီနှစ်ခုတို့အား ကုန်သွယ်ရေးလျှို့ဝှက်ချက် ခိုးယူမှုဖြင့် အမေရိကန်တရားရေးဌာနက စွဲချက်တင်လိုက်ကြောင်း ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က ကြေညာခဲ့သည်။

ယင်းစွဲချက်တင်မှုသည့် အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေစဉ် စက်တင်ဘာလမှစပြီး ကုန်သွယ်ရေးသူလျှိုမှုဖြင့် စတုတ္ထမြောက်စွဲချက်တင်မှုဖြစ်သည်။ စွဲချက်အရ တန်ကြေး အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ဝ ရှိ အမေရိကန် ဆီမီးကွန်ဒတ်တာ ကုမ္ပဏီ မိုက်ခရွန်မှ ကုန်သွယ်ရေးရေးလျှို့ဝှက်ချက်များကို တရုတ်တို့က ခိုးယူခဲ့သည်ဟုဆိုသည်။

နိုဝင်ဘာ ၁ ရက်တွင် ကြေညာခဲ့သည့် အမေရိကန်၏စွဲချက်တင်မှုနှင့်ပတ်သက်၍ တရုတ်ဘက်က အလျင်အမြန် တုံ့ပြန်မှု မရှိပေးပေ။ အမေရိကန်အပေါ် တရုတ်၏စီးပွားရေးသူလျှိုလုပ်မှုများ အလျင်အမြန် တိုးပွားလာနေကြောင်းလည်း ဂျက်ဖ်ဆက်ရှင်က စွပ်စွဲခဲ့သည်။

မျက်နှာပြောင်တိုက်သည့်အကြံအစည်ဟုလည်း ဆက်ရှင်က ကင်ပွန်းတပ်ခဲ့ပြီး တရုတ်အတွက် ဥပဒေလိုက်နာသည့် နိုင်ငံများအသိုင်းအဝိုင်းသို့ ဝင်ရောက်ချိန်တန်ပြီဟုလည်း ပြောဆိုခဲ့သည်။

စွဲချက်တင်ခံရသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် ဖူဂျီယန်ဂျင်ဟွာ အင်တီဂရိတ်တက် ဆားကစ် ကုမ္ပဏီ လီမိတက်သည် တရုတ်အစိုးရပိုင်ဖြစ်သည်။

ယင်းကုမ္ပဏီနှင့် တရုတ်တိုင်ပေမှ ယူနိုက်တက် မိုက္ကရိုအီလက်ထရစ်ကော်ပိုရေးရှင်းတို့ကို လွန်ခဲ့သည့်နှစ်က မိုက်ခရွန်က ကုန်သွယ်ရေးလျှို့ဝှက်ချက်ခိုးယူကြောင်း စွပ်စွဲခဲ့ပြီးဖြစ်သည်။ ကုမ္ပဏီနှစ်ခုလုံးတို့သည် ခိုးယူသည်ဟု စွပ်စွဲခံရသည့် နည်းပညာများနှင့် ထုတ်လုပ်သည့် မည်သည့်ထုတ်ကုန်မဆို ပြည်ပတင်ပို့ခြင်းမှ ပိတ်ပင်နိုင်အောင် အမေရိကန်ဘက်မှ ကြိုးပမ်းနေသည်။

ယခုအပတ်အတွင်းတွင် ထောက်လှမ်းရေးအရာရှိနှစ်ဦး အပါအဝင် တရုတ်အေးဂျင့် ၁၀ ဦးသည် အမေရိကန်လုပ် ခရီးသည်လေယာဉ်သုံး တာဘိုဖန်အင်ဂျင်၏ အချက်အလက်များကို ခိုးယူမှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။

ထရမ့်၏ အမေရိကန်အစိုးရသည် စက်တင်ဘာမှစ၍ တရုတ်သွင်းကုန် ဒေါ်လာ ဘီလီယံ ၂၀ဝ ဘိုးအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ပြီး တရုတ်က အမေရိကန်သွင်းကုန် ဘီလီယံ ၆၀ ဘိုးအပေါ် လက်စားချေ အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။ တရုတ်အစိုးရသည် ကုန်သွယ်ရေးတွင် စိန်ခေါ်မှုများပြုလုပ်ခြင်းဖြင့် အမေရိကန်ရွေးကောက်ပွဲများကို စွက်ဖွက်နေကြောင်းလည်း ထရမ့်က စွပ်စွဲထားသည်။