ခါရှောဂီသည် အန္တရာယ်ရှိသော အစွန်းရောက်ဖြစ်၍ သတ်ဖြတ်ရန် စဉ်းစားခဲ့ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား ပြောခဲ့ဟုဆို

ခါရှောဂီသည် အန္တရာယ်ရှိသော အစွန်းရောက်ဖြစ်၍ သတ်ဖြတ်ရန် စဉ်းစားခဲ့ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား ပြောခဲ့ဟုဆို

ဆော်ဒီသတင်းသမား ခါရှောဂီသည် အန္တရာယ်ရှိသည့် အစ္စလာမ္မစ်အခြေခံဝါဒီတစ်ဦးဖြစ်ခြင်းကြောင့် ၄င်းကိုသတ်ဖြတ်ရန် စဉ်းစားခဲ့သည်ဟု ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆဲလ်မန်က အမေရိကန်ကိုပြောဆိုခဲ့ကြောင်း ဝါရှင်တန်ပို့စ်နှင့် နယူးယောက်တိုင်းမ်တို့က ရေးသားခဲ့သည်။

အောက်တိုဘာ ၂ ရက်တွင် ခါရှောဂီပျောက်ဆုံးခဲ့ပြီးနောက် အောက်တိုဘာ ၉ ရက်တွင် ဆော်ဒီအိမ်ရှေ့စံ ဘင်ဆဲလ်မန်နှင့် အိမ်ဖြူတော်မှ ထရမ့်၏သားက် ဂျရက်ကူရှ်နာ၊ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်တို့နှင့် ဖုန်းဖြင့်ဆက်သွယ် ပြောဆိုခဲ့ကြောင်း၊ ခါရှောဂီသည် မွတ်စလင်ညီနောင်များအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ခြင်းကြောင့် အန္တရာယ်များကြောင်း၊ ၄င်းအားသတ်ဖြတ်ရန် စဉ်းစားခဲ့ကြောင်း ဆဲလ်မန်က ပြောသည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။ အမေရိကန် ဆော်ဒီ မဟာမိတ်ဖြစ်မှုကို ထိန်းသိမ်းရန် ဆဲလ်မန်က တိုက်တွန်းခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

ယင်းသတင်းဖော်ပြမှုကို ဆော်ဒီအာဏာပိုင်များက ချက်ချင်းပယ်ချခဲ့သည်။ ခါရှောဂီသတ်ဖြတ်မှုတွင် ဆော်ဒီ တော်ဝင်မိသားစုပတ်သက်မှုမရှိဟု ထုတ်ပြန်ခဲ့သည်။

ခါရှောဂီမိသားစုကလည်း ခါရှောဂီသည် မွတ်စလင်ညီနောင်များအဖွဲ့တွင် ပါဝင်ခဲ့သည်ဆိုခြင်းကို ငြင်းပယ်ခဲ့ပြီး ယင်းကိစ္စကို ခါရှောဂီကိုယ်တိုင် ယခင်က ငြင်းဆန်ခဲ့ပြီး ဖြစ်ကြောင်း၊ ခါရှောဂီသည် မည်သည့်နည်းနှင့်မျှ အန္တရာယ်ရှိသူတစ်ဦး ဖြစ်မလာကြောင်း ထုတ်ပြန်ဆိုခဲ့သည်။

ခါရှောဂီသည် အောက်တိုဘာ ၂ ရက်က အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင်း ဝင်ရောက်ပြီး မကြာမီ လည်ပင်းညှစ်သတ်ခံခဲ့ရပြီး အလောင်းကိုအပိုင်းပိုင်းဖြတ်တောက် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း တူရကီအာဏာပိုင်တို့က အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကြိုတင်စီစဉ်ထားထားသည့် လုပ်ကြံမှုဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ဆော်ဒီအာဏာပိုင်တို့သည် မူလက ခါရှောဂီ ဘေးကင်းစွာ ကောင်စစ်ရုံးထဲမှ ပြန်ထွက်သွားကြောင်း ပြောဆိုခဲ့သည်။ ယင်းနောက် ၄င်းသည် ရန်ပွဲတွင် သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့သည်။ နောက်ဆုံးတွင်မှ ခါရှောဂီသည် ဆိုးသွမ်းသည့်စစ်ဆင်ရေး တစ်ခုဖြင့် သတ်ဖြတ်ခံခဲ့ရကြောင်း ဝန်ခံခဲ့ပြီး ယင်းစစ်ဆင်ရေးကို တန်ခိုးကြီးသည့် ဆော်ဒီအိမ်ရှေ့စံ ဆဲလ်မန်ပင် ကြိုတင် မသိရှိခဲ့ဟု ဆိုကာ ထောက်လှမ်းရေးဌာနပြန်လည်ဖွဲ့စည်းရေးကို ဆောင်ရွက်နေသည်။

ဆော်ဒီတို့သည့် ခါရှောဂီသတ်ဖြတ်မှုသံသယရှိသူ ၁၈ ဦးကို ဖမ်းဆီးထားပြီး ၄င်းတို့အားလွှဲပြောင်းပေးရေး တူရကီတို့၏ တောင်းဆိုချက်ကို ငြင်းပယ်ကာ ဆော်ဒီမှာပင် စစ်ဆေးစီရင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။ ဆော်ဒီတို့သည် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများစွာ ရရှိခဲ့ပြီး ၄င်းတို့ရှင်းပြမှုသည် ကြေနပ်ဖွယ်မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။