ပလောင်ကျွန်းစုနိုင်ငံတွင် သန္တာကျောက်တန်းပျက်စီးမှု ကာကွယ်ရေးအတွက် နေလောင်ခံလိမ်းဆေးများ ပိတ်ပင်မည်

ပလောင်ကျွန်းစုနိုင်ငံတွင် သန္တာကျောက်တန်းပျက်စီးမှု ကာကွယ်ရေးအတွက် နေလောင်ခံလိမ်းဆေးများ ပိတ်ပင်မည်

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းခြမ်းတွင် တည်ရှိသော ပလောင်ကျွန်းစုနိုင်ငံသည် သန္တာကျောက်တန်းများ ပျက်စီးမှု ကာကွယ်ရေးအတွက် နိုင်ငံတစ်ဝန်း နေလောင်ခံလိမ်းဆေးများ ရောင်းချမှု ပိတ်ပင်မည်ဖြစ်ကြောင်း သိရသည်။

ကျွန်းစု ငါးရာကျော်ဖြင့် ဖွဲ့စည်းထားသော ပလောင်ကျွန်းစုနိုင်ငံသည် သန္တာကျောက်တန်းများကို ပျက်စီးစေနိုင်သည့် ဓာတုပစ္စည်း ဆယ်မျိုးအနက် တစ်မျိုးနှင့်အထက် ပါဝင်သော နေလောင်ခံလိမ်းဆေးများကို ၂၀၂၀ ခုနှစ်က စတင်ကာ ရောင်းချခွင့်ပိတ်ပင်မည့်ဥပဒေကို အတည်ပြုလိုက်ပြီဖြစ်သည်။

တားမြစ်ချက် ဖောက်ဖျက် ရောင်းချသူများကို ဒဏ်ငွေ ဒေါ်လာ တစ်ထောင်ရိုက်မည်ဟု သမ္မတ တွမ်မီ ရမ်မန်ဂါဆောင်က ပြောသည်။ တားမြစ်ဥပဒေသည် သန္တာကျောက်တန်းများကို ပျက်စီးစေသော နေလောင်ခံလိမ်းဆေးများကိုလည်း ပိတ်ပင်ရာရောက်သလို၊ ကမ္ဘာလှည့် ခရီးသွားများကိုလည်း ပညာပေးရန် ရည်ရွယ်ကြောင်း သမ္မတ ရမ်မန်ဂါဆောင်က ပြောသည်။

နေလောင်ခံလိမ်းဆေးများတွင်ပါသော ဓာတုပစ္စည်းများသည် သန္တာကျောက်တန်းများကို ပျက်စီးစေနိုင်ကြောင်း သိပ္ပံပညာရှင်များက လွန်ခဲ့သော နှစ်များစွာကတည်းက သတိပေးခဲ့ကြခြင်းဖြစ်သည်။

အထူးသဖြင့် အောက်ဆီဘန်ဇုန်းနှင့် အောက်တင်အိုဇက် ဓာတ်နှစ်မျိုးသည် နေရောင်ခြည်တွင်ပါသော ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူကာ အသားအရေကို ကာကွယ်ပေးသော်လည်း သန္တာကျောက်တန်းများကို အရောင်ကျွတ်စေသည့် အာနိသင်ရှိသဖြင့် သန္တာကျောက်များအတွက် အထူးအန္တရာယ်များကြောင်း သုတေသီများက ပြောသည်။

၂၀၁၅ ခုနှစ်က သုတေသနတစ်ရပ်ကလည်း အောက်ဆီဘန်ဇုန်းသည် သန္တာကျောက်နုများ ဖွံ့ဖြိုးမှုကို ရပ်တန့်စေကာ အလျင်အမြန် သေဆုံးစေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။