အမေရိကန်၏ပိတ်ဆို့မှုသစ်များအတွက် အီရန်ပြင်ဆင်၊ နိုင်ငံတွင်း ချီတက်ဆန္ဒပြမှုများရှိခဲ့

အမေရိကန်၏ပိတ်ဆို့မှုသစ်များအတွက် အီရန်ပြင်ဆင်၊ နိုင်ငံတွင်း ချီတက်ဆန္ဒပြမှုများရှိခဲ့

အမေရိကန်က ချမှတ်တော့မည့် အရေးယူပိတ်ဆို့မှုများအတွက် အီရန်အစိုးရက ပြင်ဆင်နေချိန်တွင် နိုင်ငံတွင်း ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် အလုပ်အကိုင်မဲ့မှုများကြောင့် နိုင်ငံသားများ ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။

အမေရိကန်သည် နိုဝင်ဘာ ၅ ရက်မှစ၍ အီရန်၏စွမ်းအင်ကဏ္ဍအပေါ်ပိ်တ်ဆို့မှုများ ချမှတ်မည်ဖြစ်သည်။ အီရန်၏ဘဏ္ဍာရေးကဏ္ဍ၊ မော်တော်ယာဉ်လုပ်ငန်း၊ ခရီးသည်တင်လေယာဉ်များဝယ်ယူမှုနှင့် ရွှေအပါအဝင် တန်ဖိုးကြီးသတ္တုများဝယ်ယူမှုအပေါ် အမေရိကန်က ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးဖြစ်သည်။

အီရန်တွင် အစိုးရပြုတ်ကျသွားစေရန် ပိတ်ဆို့မှုများကို ချမှတ်ခြင်းမဟုတ်ဘဲ အရှေ့အလယ်ပိုင်းဒေသတွင်းရှိ စစ်သွေးကြွများအား အကူအညီပေးခြင်းအပါအဝင် အီရန်၏ရန်လိုသော မူဝါဒများကိုပစ်မှတ်ထားခြင်းသာဖြစ်ကြောင်း အိမ်ဖြူတော်ကပြောဆိုခဲ့သည်။ အမေရိကန်၏ပိတ်ဆို့မှုများကြောင့် အီရန်အထိနာနေပြီဖြစ်သည်။

ဧပြီမှစ၍ အီရန်နိုင်ငံသုံးငွေ ရီယယ်သည် တန်ဖိုးထက်ဝက်ခန့်ကျဆင်းသွားပြီး သစ်သီး၊ ကြက်ဘဲ၊ ကြက်ဥနှင့် နွားနို့ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည်။ ဆန္ဒပြမှုများသည် ယမန်နှစ် ဒီဇင်ဘာမှစ၍ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများသည် အစိုးရကြွေးကြော်သံများကိုရွတ်ဆိုခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ဆုံမှုများရှိခဲ့သည်။ မကြာသေးမီလများအတွင်း အလုပ်သမားများ၊ ကျောင်းဆရာများနှင့် ကုန်တင်ကားမောင်းသူများအပါအဝင် ဝန်ထမ်းများက သပိတ်မှောက်ခဲ့ကြပြီးဖြစ်သည်။

အင်အားကြီးနိုင်ငံများနှင့်ရရှိခဲ့သည့် နျူသဘောတူညီမှုအရ အီရန်သည် ၂၀၁၆ ခုနှစ်မှစ၍ ရေနံများကိုတင်ပို့ခဲ့ပြီး အဲဘတ်စ်၊ ဘိုးယင်း၊ အခြားအနောက်နိုင်ငံကုမ္ပဏီများနှင့် ဒေါ်လာဘီလီယံပေါင်းများစွာပါဝင်သော စာချုပ်များကို ချုပ်ဆိုခဲ့သည်။ သို့သော် ဆယ်စုနှစ်များစွာ ပိတ်ဆို့မှုဒဏ်ကိုခံခဲ့ရခြင်းနှင့် စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းခြင်းတို့ကြောင့် အီရန်နိုင်ငံတွင်း အလုပ်အကိုင်မဲ့မှုနှုန်းမြင့်တက်ခဲ့သည်။

အဆိုးရွားဆုံးကိုကျော်လွှားနိုင်ခဲ့ပြီဖြစ်ပြီး မကြာမီတွင် သက်ရောက်တော့မည့် ပိတ်ဆို့မှုများအတွက် အစိုးရသည် အသင့်ပြင်ဆင်ထားကြောင်း အီရန်သမ္မတဟာဆင် ရိုဟာနီက မကြာသေးမီရက်သတ္တပတ်များတွင် ပြောဆိုခဲ့သည်။ သို့သော် သာမန်ပြည်သူများအတွက် အခြေအနေ လွန်စွာဆိုးရွားခဲ့ပြီး လာမည့်လများအတွင်း ဆိုးရွားနေဆဲဖြစ်နိုင်ကြောင်း ရိုဟာနီက နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် ဝန်ကြီးအဖွဲ့အစည်းအဝေးတွင်ပြောဆိုခဲ့သည်။