ဆေးဖော်စပ်ရေးအတွက် ကျားရိုးနှင့် ကြံ့ချိုများ ရောင်းဝယ်မှုကို တရုတ်က ခွင့်ပြု

ဆေးဖော်စပ်ရေးအတွက် ကျားရိုးနှင့် ကြံ့ချိုများ ရောင်းဝယ်မှုကို တရုတ်က ခွင့်ပြု

ပေကျင်း ” မျိုးတုံးတော့မည့် အန္တရာယ်ရှိသည့် ကျားများ၊ ကြံ့များကပြုလုပ်ထားသည့် ထွက်ကုန်များကို အထူးအခြေအနေအရ အရောင်းအဝယ်ပြုလုပ်ခွင့်ကို တရုတ်နိုင်ငံကခွင့်ပြုတော့မည်ဖြစ်ရာ ယခင်က ပိတ်ပင်တားမြစ်ချက်နှင့် တခြားစီဖြစ်ကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ၏ ပြစ်တင်ဝေဖန်မူများ ဖြစ်ပေါ်လာသည်။

အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သည့် အစိုးရအဖွဲ့ကြေညာချက်တွင် ဥပဒေ ပြင်ဆင်ပြောင်းလဲမှုကို ဖော်ပြခြင်းမရှိဘဲ အရောင်းအဝယ်ကို ထိန်းချုပ်သွားမည်ဟုသာ ဖော်ပြထားပြီး ကြံ့ချိုနှင့် ကျားအရိုးများကို ဆေးသုတေသနပြုလုပ်ရန်၊ သို့မဟုတ် ရောဂါကုသရာတွင် အသုံးပြုရေးအတွက် တိရစ္ဆာန်မွေးမြူရေးခြံများမှသာ ရယူရမည်ဖြစ်သည်။

အထူးအခြေအနေအရ အဆိုပါကုန်ပစ္စည်းများ အသုံးပြုမှုနှင့် ရောင်းချမှုအပေါ် စည်းမျဉ်းကိုခိုင်မာအောင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနှင့်သက်ဆိုင်သည့် လုပ်ပိုင်ခွင့်ကို တရားဝင်ခွင့်ပြုထားမည်ဖြစ်ကာ ကုန်သွယ်မှုပမာဏကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သွားမည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

နာမကျန်းဖြစ်မှုကို ကုသရာတွင် ကျားအရိုးနှင့် ကြံ့ချိုများ၏ အကျိုးသက်ရောက်မှုကို အကိုးအကား အထောက်အထားမရှိသော်လည်း ယင်းတို့ကို တရုတ်ရိုးရာတိုင်းရင်းဆေးများတွင် အသုံးပြုကြသည်။ တရုတ်သည် ယခုနှစ်မှစတင်ကာ ဆင်စွယ်ရောင်းဝယ်မှုကို တားမြစ်ထားသော်လည်း တရုတ်က ဆင်စွယ်ဝယ်လိုအားကြောင့် အာဖရိကဆင်များ သတ်ဖြတ်ခံရခြင်း၏ နောက်ကွယ်က တွန်းအားပေးမှုတစ်ရပ်အဖြစ် အပြစ်တင်ခံရသည်။

မျိုးတုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်များ လျင်မြန်စွာပျောက်ကွယ် နေခြင်းကို ကာကွယ်ရန် တစ်ကမ္ဘာလုံးကြိုးပမ်းမှုပြုလုပ်နေစဉ် တရုတ်နိုင်ငံသည် ၁၉၉၃ ခုနှစ်က တောရိုင်းတိရစ္ဆာန် အရောင်းအဝယ်ပြုလုပ်မှု တားမြစ်ချက်ကို အကောင်အထည်ဖော်ခဲ့ကာ အဆိုပါ တားမြစ်ချက်ကိုရုပ်သိမ်းလိုက်ခြင်းအတွက် အကြောင်းပြချက်ကိုမူ ဖော်ပြမထားပေ။

ထိုသို့တားမြစ်ချက်ကို ရုပ်သိမ်းလိုက်ခြင်းကြောင့် တရားဝင်ခွင့်ပြုထားသည့် အရောင်းအဝယ်နောက်ကွယ်တွင် တိရစ္ဆာန်ခိုးဖမ်းသူများနှင့် မှောင်ခိုသမားများ ပုန်းရှောင်ရန် ခွင့်ပြုထားသလိုဖြစ်ကာ ကမ္ဘာအနှံ့ မကောင်းသော အကျိုးဆက်များ ဖြစ်စေလိမ့်မည်ဟု ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့က ဆိုသည်။ 

ယခင်က တားမြစ်ချက်ရှိသော်လည်း တရုတ်နိုင်ငံသည် ကျားမွေးမြူရေးကို အချိန်ကြာမြင့်စွာ ခွင့်ပြုထားကာ သေဆုံးသွားသော ကျားများ၏ အရိုးများကို ဆေးဖော်ရန် အရောင်းအဝယ်ကို နားလည်မှုဖြင့် ခွင်ပြုခဲ့သည်ဟု ဗြိတိသျှအဖွဲ့တစ်ဖွဲ့ဖြစ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းလေ့လာမှုအေဂျင်စီ၏ လေ့လာမှုအရ သိရသည်။