စီးပွားရေးတိုးတက်မှုရှိနေသော်လည်း အာရှပစိဖိတ်ဒေသ၌ အစာရေစာငတ်ပြတ်နေသူ ၄၈၆ သန်းခန့်ရှိနေကြောင်း ကုလသမဂ္ဂ၏ နိုဝင်ဘာ ၂ ရက်ထုတ်အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဗန်ကောက်နှင့် ကွာလာလမ်ပူတို့ကဲ့သို့ ကြွယ်ဝချမ်းသာသူအများစုနေထိုင်သော မြို့ကြီးများ၌ အခြေခံလူတန်းစားမိသားစုများသည် သားသမီးများအား အစားအစာလုံလောက်စွာမကျွေးနိုင်သေးဘဲရှိနေကာ အကျိုးဆက်အဖြစ် ကလေးများသည် ကျန်းမာရေးထိခိုက်နေရကြောင်း စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့( အက်ဖ်အေအို)နှင့် အခြားကုလအဖွဲ့အစည်းသုံးခုတို့၏အစီရင်ခံစာတွင်ဖော်ပြထားသည်။
၂၀၁၇ ခုနှစ်အထိ ဗန်ကောက်ရှိ ကလေးသုံးပုံတစ်ပုံသည် အာဟာရပြည့်ဝသည့် အစားအစာများကိုစားသုံးရခြင်းမရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
ပါကစ္စတန်၌ ကလေး လေးရာခိုင်နှုန်း အာဟာရပြည့်ဝစွာမစားသုံးရကြောင်း ဖော်ပြထားသည်။
၂၀၃၀ ပြည့်နှစ်ရောက်ရှိချိန်တွင် အာရှပစိဖိတ်ဒေသတွင်း ငတ်ပြတ်သူလုံးဝမရှိစေရဆိုသည့် လျာထားချက် ပြည့်မီစေရန် နေ့စဉ် လူ ၁၁၀ဝ၀ဝ ကို အငတ်ဘေးနှင့် အာဟာရပြတ်လပ်မှုတို့မှ လွတ်မြောက်ရန် လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း အက်ဖ်အေအို၏ ဒေသဆိုင်ရာအကြီးအကဲ ကန်ဓာဗီ ကာဒီရဲဆန်ကပြောဆိုခဲ့သည်။
အာဟာရပြတ်လပ်သူဦးရေသည် ၂၀ဝ၅ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်းအထိကျဆင်းသွားသော်လည်း အငတ်ဘေးနှင့်ဆက်စပ်သည့် ဖွံ့ဖြိုးမှုတန့်နေသူဦးရေသည် တိုးပွားလျက်ရှိနေသည်။
အာဟာရပြတ်လပ်မှုနှင့် အစားအစာငတ်ပြတ်မှုတို့ကြောင့် ထိခိုက်နစ်နာနေသည့် အသက် ငါးနှစ်အောက် ကလေးငယ် ၇၉ သန်းခန့်ရှိနေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
မိသားစုများသည် အဆီများ၊ ချိုစိမ့်နေသည့် လမ်းဘေးအစားအစာများကို ကျွေးမှုကြောင့် အဝလွန်နေသည့် ကလေးများပင်လျှင် အာဟာရပြတ်လပ်နေကြောင်း အစီရင်ခံစာ၌ ရေးသားထားသည်။
ရာသီဥတုနှင့်ဆိုင်သော ကပ်ဘေးများ၊ သန့်ရှင်းသောရေနှင့် မိလ္လာစနစ်တို့မရှိခြင်းတို့ကြောင့် အစားအစာဝလင်အောင် မစားရခြင်းဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

















