ယာဉ်မောင်းနှင့်ခရီးသည် ရန်ပွဲကြောင့် တံတားပေါ်မှ ဘတ်စ်ကား မြစ်ထဲထိုးကျ

ယာဉ်မောင်းနှင့်ခရီးသည် ရန်ပွဲကြောင့် တံတားပေါ်မှ ဘတ်စ်ကား မြစ်ထဲထိုးကျ

ပြီးခဲ့သော အောက်တိုဘာ ၂၈ ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချောင်ချင်းမြို့ တံတားပေါ်မှ ယန်စီမြစ်ထဲ ဘတ်စ်ကား ထိုးကျခဲ့မှုသည် ယာဉ်မောင်းနှင့်ခရီးသည် ရန်ပွဲကြောင့်ဖြစ်ကြောင်း သက်ဆိုင်ရာက ဘတ်စ်ကားအတွင်း နောက်ဆုံးအချိန် မှတ်တမ်းဗီဒီယိုသက်သေအရ ထုတ်ပြန်ပြောကြားသည်။

ဘတ်စ်ကားသည် တံတားပေါ် မီတာ ၅၀ (၁၆၄ ပေ) အမြင့်မှ ယန်စီမြစ်ထဲ ထိုးကျခဲ့ကာ ၁၃ ဦး သေဆုံးပြီး၊ ၂ ဦး ပျောက်ဆုံးနေသည်။

ကနဦး သတင်းများက ဘတ်စ်ကားသည် မျက်နှာချင်းဆိုင်ယာဉ်ကျောမှယာဉ်ကို ရှောင်လိုက်ရာမှ အရှိန်လွန်ကာ မြစ်ထဲထိုးကျသည်ဟု ဖော်ပြခဲ့ကြသည်။

သို့သော် အောက်တိုဘာ ၃၁ ရက်က မြစ်တွင်းမှ ပြန်ဆယ်ယူခဲ့သော ဘတ်စ်ကားထဲရှိ ဗီဒီယိုမှတ်တမ်းအရ အသက် ၄၈ နှစ်အရွယ် ခရီးသည် အမျိုးသမီးသည် ၎င်းဆင်းမည့် မှတ်တိုင်၌ ယာဉ်မောင်းက ရပ်မပေးမှုကြောင့်ဟုဆိုကာ ဒေါသဖြစ်ပြီး ယာဉ်မောင်းကို ဖုန်းနှင့် ကောက်ပေါက်သဖြင့် ယာဉ်မောင်းက ပြန်ပေါက်စဉ် ဘတ်စ်ကားသည် တစ်ဖက်ယာဉ်ကြောထဲ ဝင်သွားကာ တံတားလက်ရန်းများကို တိုက်ပြီး မြစ်ထဲ ထိုးကျခြင်းဖြစ်ကြောင်း တွေ့ရသည်။

ထိုရန်ပွဲသည် ဘတ်စ်ကား မြစ်ထဲထိုးကျရသည့် အဓိကလက်သည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်ဟု ချိုင်းနားဒေးလီး သတင်းစာက ဖော်ပြသည်။

ကယ်ဆယ်ရေးသင်္ဘောများ၊ ရေပေါ်ကရိန်းများသုံးကာ ဘတ်စ်ကားကို အောက်တိုဘာ ၃၁ ရက် ညပိုင်းကမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို ရေငုပ်သမားများက ရေငုပ်ရှာဖွေခဲ့ရသည်။