ဂျကာတာ (အင်ဒိုနီးရှား) ” အင်ဒိုနီးရှားနိုင်ငံတွင် အောက်တိုဘာလ ၂၉ ရက်အစောပိုင်း၌Lion Air လေယာဉ် ပျက်ကျခဲ့ရာ လူပေါင်း ၁၈၉ ဦး သေဆုံးခဲ့သည်။ ထိုဂျက်လေယာဉ်၏ ယခင်ခရီးစဉ်တစ်ခုတွင် ခရီးသည်များ ကြောက်လန့်တကြားဖြစ်ခဲ့ရသော ပြဿနာများ ဖြစ်ပွားခဲ့သည့် သတင်းများထွက်ပေါ်လာခဲ့စဉ် လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက်ကို ရှာဖွေရန် အဆင့်မြင့်နည်းပညာသုံး စက်ကိရိယာများကို အသုံးပြု၍ ရှာဖွေလျက်ရှိသည်။
နှစ်လ သက်တမ်းသာရှိသေးသော အဆိုပါ ဘိုးရင်း ဂျက်လေယာဉ်သည် ဆူမာတြာကျွန်းသို့သွားရန် ဂျကာတာမှ ထွက်လာခဲ့ပြီး ပျံသန်းချိန် ၁၃ မိနစ်ခန့်အကြာတွင် ဂျာဗားပင်လယ်ထဲသို့ ပျက်ကျခဲ့သည်။ လေယာဉ် ပျံတက်ပြီးနောက် နှစ်မိနစ်၊ သုံးမိနစ်ခန့်တွင် လေယာဉ်မ·းက လေဆိပ်သို့ပြန်ဆင်းရန် ခွင့်ပြုမိန့်တောင်းခံခဲ့သည်။ လေယာဉ်ပျက်ကျခဲ့သည့် အကြောင်းရင်းကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း လေယာဉ်စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ခဲ့သည်။ မကြာသေးခင်က ဥရောပသမဂ္ဂနှင့် အမေရိကန် နာမည်ပျက်စာရင်းမှ ဖယ်ရှားခဲ့သော အင်ဒိုနီးရှားနိုင်ငံ၏ အလွန်လျင်မြန်စွာ ဖွံ့ဖြိုးလာသော လေယာဉ်ထုတ်လုပ်မှုလုပ်ငန်းတွင် ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်ပြီး အဆိုပါ လေယာဉ်ပျက်ကျမှုက စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။
အဆိုပါလေယာဉ်၏ ယခင် ဘာလီမှ ဂျကာတာ ခရီးစဉ်အတွင်း လိုက်ပါခဲ့ဖူးသော ခရီးသည်နှစ်ဦးက ကြုံတွေ့ခဲ့ရသော ထိတ်လန့်ဖွယ်အဖြစ်အပျက်ကို အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်။ အောက်တိုဘာ ၂၈ ရက်တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု တစ်စုံတစ်ခုကြောင့် အဆိုပါ လေယာဉ်ခရီးစဉ် တစ်နာရီကျော် နောက်ကျခဲ့ကြောင်း အင်ဒိုနီးရှား ရုပ်သံတင်ဆက်သူ ကွန်ချီတာ ကာရိုလိုင်းက ပြောကြားခဲ့သည်။ လေအေးပေးစက် ဖွင့်ပေးထားခြင်းမရှိသော လေယာဉ်တွင် ခရီးသည်များ မိနစ် ၃၀ ထက်မနည်း စောင့်ဆိုင်းခဲ့ကြရပြီး ပုံမှန်မဟုတ်သည့် အင်ဂျင်စက်သံကို ကြားခဲ့ကြသည်။
လေယာဉ်တွင် လိုက်ပါလာသော ကလေးငယ်အချို့ စက်အရှိန် အပူလွန်ကဲမှုကြောင့် အော့အန်ကြသည့် အခြေအနေအထိ ဖြစ်လာသောကြောင့် လေယာဉ်ပေါ်မှ ခဏဆင်းစောင့်ခဲ့ကြရသည်။ လေယာဉ်ပြေးလမ်း ကတ္တရာတွင် ခရီးသည်များ မိနစ် ၃၀ ခန့်စောင့်ဆိုင်းခဲ့ကြရပြီးနောက် လေယာဉ်အင်ဂျင်ကို စစ်ဆေးပြီး လေယာဉ်ပေါ် ပြန်လည်တက်စေခဲ့ကြောင်းသိရသည်။
လေယာဉ်ဝန်ထမ်းတစ်ဦးကို လေယာဉ်ခရီးစဉ်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ရိုင်းစိုင်းစွာ တုံ့ပြန်ခြင်းကို ခံခဲ့ရသည်ဟု ကယ်ရိုလင်းက ဆိုသည်။ နောက်ထပ် ခရီးသည်တစ်ဦးဖြစ်သော အလွန်ဆိုတန်တိုက အဆိုပါ လေယာဉ် ခရီးစဉ်အစ မိနစ်အနည်းငယ်အတွင်း ရုတ်တရက် အောက်သို့နိမ့်ဆင်းမှု အကြိမ် တော်တော်များများ ဖြစ်ပွားခဲ့ကြောင်းTV One ကို ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း လေယာဉ်စတက်ပြီး သုံးမိနစ်မှ ရှစ်မိနစ်ခန့်အကြာတွင် လေယာဉ်ကို ထိန်းချုပ်နိုင်မှု စွမ်းရည်ကျဆင်းခဲ့ပြီး ပျံမတက်နိုင်ခြင်း အကြိမ်တော်တော်များများ ဖြစ်ပွားခဲ့သည်။ ဘာလီခရီးစဉ်နှင့် ပတ်သက်၍ လေယာဉ်စက်ပိုင်းဆိုင်ရာ ချို့ယွင်းကြောင်း သတင်းပို့မှုများရှိခဲ့ပြီး လေယာဉ်စက်ရုံက ချမှတ်ထားသော လုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းခဲ့ပြီးဖြစ်ကြောင်းLion Air ဥက္ကဋ္ဌ အက်ဒ်ဝါဒ် ဆီရေ့က ပြောကြားခဲ့သည်။
ပျက်ကျသွားသောLion Airဗငမ ဂျက်လေယာဉ် ကို လူအင်အား၊ စက်အင်အားတို့ဖြင့် ကြိုးပမ်းရှာဖွေခဲ့ရာ လေယာဉ်ပျက်ရှိနိုင်သည့် ပင်လယ်ကြမ်းပြင်နေရာကို ခွဲခြားသတ်မှတ် နိုင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားစစ်ဦးစီးချုပ် က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြား ခဲ့သည်။
"ဒီကနေ့မနက်မှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက လေယာဉ်ပျက် ရှိနိုင်တဲ့နေရာ ကိုသြဒိနိတ်တွေကို ပြောပြခဲ့ပါတယ်။ ဒီနေရာကို ကျွန်တော်တို့ ရှာကြည့်ပါမယ်။ အဲဒီမှာ လေယာဉ်ပင်မကိုယ်ထည်ကြီးကိုတွေ့ဖို့ မျှော်လင့်ချက်ရှိပါတယ်"ဟု စစ်ဦးစီးချုပ် ဟာဒီ ဂျာဂျန်တိုက ပြောကြားခဲ့သည်။

















