သမ္မတဦးဝင်းမြင့်ကို စာပေးရန် မဲရုံရှေ့တွင် လူပေါင်း ၃၀ ခန့် စောင့်ဆိုင်းနေ

သမ္မတဦးဝင်းမြင့်ကို စာပေးရန် မဲရုံရှေ့တွင် လူပေါင်း ၃၀ ခန့် စောင့်ဆိုင်းနေ

သမ္မတဦးဝင်းမြင့်ကို တိုင်စာနှင့် အသိပေးစာများတိုက်ရိုက်ပေးလိုသည့် လူပေါင်း ၃၀ ခန့်တို့သည် သမ္မတမဲလာပေးမည့် မဂ္ဂင်လမ်း မဲရုံအမှတ် (၃)ရှေ့နှင့် အနီးတစ်ဝိုက်တွင် စောင့်ဆိုင်းလျက်ရှိသည်။ 

စာပေးလိုသူအများစုမှာ တရားရေးရာနှင့်ဆိုင်သော အမှုအခင်းများ၊ မြေယာကိစ္စများနှင့် ၄င်းတို့၏ အခက်အခဲများကို သမ္မတထံသို့ တိုက်ရိုက်ပေးပို့လိုခြင်းကြောင့် လာရောက်စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း ၄င်းတို့က ပြောသည်။ 

“ကျနော် ၂၀ဝ၄ခုနှစ်ကတည်းက ရင်ဆိုင်နေရတဲ့ တရားမ အမှုဟာ ၂၀၁၈ ခုနှစ်အထိ မပြီးပြတ်သေးဘူး။ တရားရေးရာဝန်ထမ်းတွေရဲ့ အလုပ်လုပ်ပုံ ပေါ့လျော့တတ်တာ၊ တာဝန်မယူတတ်တာတွေကို သမ္မတကြီးကိုသိစေချင်လို့ပါ” ဟု စာပေးရန်စောင့်ဆိုင်းနေသူ ဦးသန့်စင်က ပြောသည်။ 

ကော့မှူးမြို့နယ်တွင် ၄င်းတို့ပိုင် လယ်ယာများကို အသိမ်းခံရသည့်အရေးကို သမ္မတထံတိုက်ရိုက်ပြောကြားလိုသည်ဟု  သမ္မတထံသို့ ဟု လိပ်မူရေးသားထားသည့် စာကို ကိုင်ဆောင်ထားသူ ဦးမြင့်နိုင်ကပြောသည်။ 

“သမ္မတကြီးသာ သိသွားရင် အားလုံးပြေလည်သွားမှာ”ဟု ၄င်းကဖြည့်စွက်ပြောသည်။ 

ထို့ပြင် အ.လ.က (၁)တာမွေ တွင် သက်သာဆိုင်ခန်းများကို စည်ပင်က ဖိအားပေးဖယ်ရှားမှုများပြုလုပ်နေခြင်း ကြောင့် ဆိုင်ခန်းပိုင်ရှင် ၄၇၂၅ဦးတို့ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု သမ္မတကို လာရောက်စောင့်ဆိုင်းနေသူ ကိုအောင်မြတ်ကပြောသည်။ 

“ကျနော်တို့ သမ္မတကြီးဆီကို ကျတော်တို့ဆိုင်ခန်းတွေနဲ့ပတ်သတ်တဲ့ စာရွက်စာတမ်းတွေ တိုက်ရိုက်ပေးနိုင်အောင် ကြိုးစားမယ်။” ဟု ကိုအောင်မြတ်ကပြောသည်။ 

သမ္မတကို စောင့်ဆိုင်းနေကြသူများတွင် စာများဖြင့် တိုက်ရိုက်ပေးပို့လိုကြသူများရှိသကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ နှုတ်ဖြင့် အကူညီတောင်းလို၍စောင့်ဆိုင်းနေကြသူများလည်းရှိသည်။ 
တာမွေမြို့နယ် မဂ္ဂင်လမ်း မဲဆန္ဒနယ်အမှတ် (၃) တွင် မဲစာရင်းရှိဦးရေ ၉၀၈ ဦးရှိပြီး ယခုအချိန်ထိ ၁၀ဝ ကျော်ခန့်သာ မဲလာပေးရသေးသည်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး