ရှမ်းပြည်နယ် လဲချားမြို့နယ်တွင် ယနေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲလာပေးသူ ၂၄ ရာခိုင်နှုန်းကျော်သာရှိနေသည်။
''နေ့တစ်ဝက်ကျော်သွားပေမယ့် မဲပေးခွင့်ရှိသူ ၃၉၃၂၁ ဦးရှိတဲ့အနက် ၉ ထောင်သာ လာရောက်မဲပေးထားကြတယ်'' ဟု လဲချားမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးစိုင်းလှထွန်းက ပြောသည်။
" နေ့လယ် ၁၂ နာရီ ကျော်မှရထားတဲ့စာရင်းက လူဦးရေ ၉ ထောင်ကျော် ရာခိုင်နှုန်းအားဖြင့် ၂၄ ဒသမ၂၃ ရာခိုင်နှုန်းပဲရှိသေးတယ်။ဘာကြောင့် မဲလာမထည့်နိုင်သလဲဆိုတော့ သီးနှံရိတ်သိမ်းချိန်ဖြစ်တာကတစ်ကြောင်း ရွေးကောက်ပွဲကို နားမလည်ကြတာလဲပါတယ်။ ဒီလိုတွေဖြစ်တော့ သူတို့အခွင့်အရေးတွေဆုံးရှုံးတာပေါ့ " ဟု ဦးစိုင်းလှထွန်းက ပြောသည်။
မဲရုံတစ်ရုံတွင် မဲပေးခွင့်ရှိသူ ၁၀ဝ၀ ရှိလျှင် လူဦးရေ ၂၀ဝ ဝန်းကျင်သာ လာရောက်မဲပေးနိုင်ကြသည်။
"အခု ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ အတွက် အရမ်းအရေးကြီးတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိကြပေမယ့် မဲဆန္ဒရှင်တွေ အနေနဲ့ ယခုလိုမဲလာပေးသူနည်းတာဟာ သီနှံရိတ်သိမ်းချိန် ဖြစ်တာကြောင့် မအားလပ်ကြတာလို့တော့သိရတယ်။ နောက်တစ်ခုက မဲဆန္ဒရှင်တွေကိုစည်းရုံးရေးကာလမှာ ပညာပေးမှုအားနည်းတာကြောင့်လည်းပါတာကို တွေ့ရပါတယ်"ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ Danish Institute for Parties and DemocracyEmbassy of Thailand မြန်မာကိုယ်စားလှယ် ဒေါ်ခင်သဇင်က ပြောသည်။
လဲချားမြို့နယ်အတွင်း မဲပေးခွင့်ရှိသည်မှာ ကျေးရွာက ပိုများသည်။ ကျေးရွာအုပ်စု ၁၉ အုပ်စုတွင် ၁၆၉ ရွာ၏ထက်ဝက်လောက်သည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများစွာရှိနေသောကြောင့် ဒေသခံပြည်သူများ ရွေးကောက်ပွဲ အသိပညာ အားနည်းနေကြောင်း ဒေသခံများက ဆိုသည်။
















