တာလီဘန်တို့၏ဖခင်ကြီးအဖြစ် နာမည်ရသည့် နာမည်ကျော် ပါကစ္စတန်ဘာသာရေးဆရာ မောင်လာနာ ဆာမီယူ ဟက်သည် ရာဝယ်ပင်ဒီမြို့ရှိ ၎င်း၏နေအိမ်၌ နိုဝင်ဘာ ၂ ရက်တွင် ဓားဖြင့် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း မိသားစုနှင့် ရဲတပ်ဖွဲ့ဝင်များကပြောဆိုခဲ့သည်။
တိုက်ခိုက်သူ နေအိမ်ထဲဝင်ရောက်လာချိန်တွင် ဖခင်ဖြစ်သူသည် နေအိမ်တွင် တစ်ဦးတည်းရှိနေခဲ့ကြောင်း ဟက်၏သား ဟာမီဒါဟက်ကပြောဆိုခဲ့သည်။ အသက် ၈၁ နှစ်အရွယ် ဟက်ကို အနီးအနားရှိ ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း အသက်မမီတော့ကြောင်း၊ တိုက်ခိုက်သူနှင့် တိုက်ခိုက်ရသည့် အကြောင်းအရင်းကို မသိရှိရကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
ဟက်သေဆုံးကြောင်း သတင်းထွက်ပေါ်ပြီးနောက် ဟက်ကိုထောက်ခံသူများသည် အစ္စလာမာဘတ်နှင့် ရာဝယ်ပင်ဒီတို့၌ ဈေးဆိုင်များနှင့် မော်တော်ယာဉ်များကို ဖျက်ဆီးခြင်း၊ ဆူပူအုံကြွခြင်းတို့ကိုပြုလုပ်ခဲ့သည်။ အစ္စလာမ်အစွန်းရောက်ဝါဒီများ၏ထောက်ခံမှုရရှိထားသည့် နာမည်ကျော် ဘာသာရေးပညာရှင် ဟက်သည် ဂျမီအက်-အီ- အူလေမာအစ္စလာမ်( ဂျေယူအိုင်) ပါတီ၏အကြီးအကဲဖြစ်သည်။
ဟက်သည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ရှိ တာလီဘန်များအပေါ် သြဇာသက်ရောက်နိုင်သူဖြစ်ခဲ့သည်။ တာလီဘန်ခေါင်းဆောင်များနှင့် တပ်မှူးများသည် ဟက်၏ ဟက်ကာနီသင်တန်းကျောင်းတွင် အစ္စလာမ်ဆိုင်ရာအယူအဆများကို လေ့လာခဲ့သောကြောင့် ဟက်သည် တာလီဘန်များ၏ဖခင်ကြီးအဖြစ် ခေါ်ဆိုုခြင်းခံခဲ့ရသည်။
အမေရိကန်က အကြမ်းဖက်စာရင်းသွင်းထားသည့် ဟက်ကာနီအကြမ်းဖက်ကွန်ရက်၏ ဒုတိယခေါင်းဆောင် ဆီရာဂျက်ဒင် ဟက်ကာနီသည် ဟက်၏သင်တန်းကျောင်းထွက်တစ်ဦးဖြစ်သည်။ ဟက်၏သင်တန်းကျောင်းသည် အာဖဂန်နစ္စတန်နယ်စပ်နားရှိ ခိုင်ဘပထန်ခွာခရိုင်တွင်တည်ရှိခဲ့သည်။
အာဖဂန်နစ္စတန်ရှိ ၁၇ နှစ်ကြာ ပြည်တွင်းစစ်ပြီးဆုံးရေးအတွက် တာလီဘန်များ ငြိမ်းချမ်းရေးဆွေးနွေးလာရေး တိုက်တွန်းပေးရန် အာဖဂန်ဘာသာရေးဆရာများက ဟက်ကို မကြာသေးမီရက်သတ္တပတ်များတွင် တိုက်တွန်းခဲ့သည်။ ပါကစ္စတန်သမ္မတ အာရစ် အယ်လ်ဗီနှင့် ဝန်ကြီးချုပ် အီမရန်ခန်းတို့က ဟက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ရှုပ်ချပြောဆိုခဲ့သည်။ ထူးချွန်ထက်မြက်သည့် ပညာရှင်တစ်ဦးဖြစ်သလို ဘာသာရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် ဟက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ခန်းက ပြောဆိုခဲ့သည်။

















