အမျိုးသမီးများမဲပေးခွင့်ရရှိမှု နှစ် ၁၀ဝ ပြည့်အထိမ်းအမှတ် လစ်သူယေးနီးယား၌ အမျိုးသမီးပုံလမ်းကူးအချက်ပြမီးများထားရှိ

အမျိုးသမီးများမဲပေးခွင့်ရရှိမှု နှစ် ၁၀ဝ ပြည့်အထိမ်းအမှတ် လစ်သူယေးနီးယား၌ အမျိုးသမီးပုံလမ်းကူးအချက်ပြမီးများထားရှိ

နိုင်ငံတွင်း အမျိုးသမီးများမဲပေးခွင့်ရရှိမှု နှစ် ၁၀ဝ ပြည့်သည့် အထိမ်းအမှတ်အဖြစ် လစ်သူယေးနီးယားနိုင်ငံမြို့တော် ဗီနီးယပ်စ်ရှိ လမ်းဖြတ်ကူးနိုင်သည့် အချက်ပြအမှတ်အသားနေရာတွင် အမျိုးသမီးပုံများကို ဖော်ပြကာ ဂုဏ်ပြုလိုက်ပြီဖြစ်သည်။

အမျိုးသမီးများအား မဲပေးခွင့်ပေးရန်အတွက် ၁၉၁၈ ခုနှစ်တွင် လစ်သူယေးနီးယားဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ခဲ့သည်။ ဥရောပနိ်ုင်ငံများအနက် အမျိုးသမီးများ ပထမဆုံးမဲပေးခွင့်ရရှိသည့် နိုင်ငံများတွင် လစ်သူယေးနီးယားပါဝင်သည်။ ဗီနီးယပ်စ်မြို့တော်ဝန် ရဲမီယူစ် ဆီမာစီးယပ်စ်သည် နိုဝင်ဘာ ၂ ရက်တွင် လမ်းဖြတ်ကူးနိုင်သည့် အချက်ပြမီး ၁၄ ခုကို ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

အမျိုးသမီးများ လုပ်ပိုင်ခွင့်အပြည့်အဝမအရှိဘဲ ခေတ်သစ်လူ့အဖွဲ့အစည်းမတည်ရှိနိုင်ကြောင်း လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး လီနာစ် လန်ကဲဗီစီးယပ်စ်ကပြောဆိုခဲ့သည်။ လမ်းဖြတ်ကူးနိုင်သည့် အချက်ပြမီးများကို ဗီနီးယပ်စ်ရှိ စီးပွားရေးလုပ်ငန်းများတည်ရှိသော လမ်းမကြီးတစ်လျှောက်တွင် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးများအား မဲပေးခွင့်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၁၈ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ပြင်ဆင်ခဲ့သည့်အတွက် လစ်သူယေးနီးယားသည် အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်လျှင် ပြင်သစ်၊ အမေရိကန်တို့ထက် စောခဲ့သည်။

သို့သော် အတိတ်ကို ဂုဏ်ပြုသည့်ဖြစ်ရပ်ဖြစ်ခဲ့သော်လည်း အချက်ပြမီးထားရှိသည့်စနစ်သည် ကျားမတန်းတူညီမျှမှုရရှိရေးအတွက် ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း သတိပေးသလိုရှိနေသည်ဟု ပြောဆိုမှုများလည်းရှိခဲ့သည်။

လစ်သူယေးနီးယား၌ အမျိုးသမီးများသည် အမျိုးသားလုပ်ဖော်ကိုင်ဖက်များ၏ဝင်ငွေနှင့် နှိုင်းယှဉ်လျှင် ၁၄ ရာခိုင်နှုန်းလျော့နည်းရရှိနေဆဲဖြစ်ပြီး အမျိုးသမီး ၁၇ ရာခိုင်နှုန်းသာ အမှုဆောင်ရာထူးများကိုရရှိထားသည်။