သရုပ်ဆောင် အဲလက်စ် ဘော်ဒွင် ထိခိုက်နာကျင်စေမှုဖြင့် အမှုဖွင့်ခံရ

သရုပ်ဆောင် အဲလက်စ် ဘော်ဒွင် ထိခိုက်နာကျင်စေမှုဖြင့် အမှုဖွင့်ခံရ

အမေရိကန်ရုပ်ရှင်သရုပ်ဆောင် အဲလက်စ် ဘော်ဒွင်သည် နယူးယောက်စီးတီးရှိ ကားရပ်နားကွင်းတစ်ခု၌ အမျိုးသားတစ်ဦးကို ထိုးနှက်မှုဖြင့် အမှုဖွင့်ခံခဲ့ရသည်။

ဘော်ဒွင်သည် နိုဝင်ဘာ ၂၆ ရက်တွင် တရားရုံးသို့သွားရောက်ရမည်ဖြစ်သည်။ ၎င်းသည် ရဲတပ်ဖွဲ့ဝင်များ၏စစ်ဆေးမှုကိုခံယူခဲ့ပြီးနောက် ရဲတပ်ဖွဲ့စခန်းမှ ထွက်ခွာခဲ့သည်။ အသက် ၆၀ နှစ်အရွယ် ဘော်ဒွင်သည် ယခင်ကလည်း ဥပဒေကြောင်းအရအရေးယူခံခဲ့ရပြီးဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ဘော်ဒွင်သည် အများပြည်သူဆိုင်ရာနေရာတွင် အနှောင့်အယှက်ပေးမှုဖြင့် အဖမ်းခံခဲ့ရဖူးသည်။

ဘော်ဒွင်သည် အမေရိကန်သူလျှိုရုပ်ရှင် Hunt for Red October တွင်ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ နိုဝင်ဘာ ၂ ရက်တွင် မန်ဟတ်တန်ရှိ ဝက်စ်ဗစ်လစ်ဂျ်၌ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘော်ဒွင်က ၎င်း၏မိသားစုဝင်တစ်ဦးက ၎င်းမောင်းနှင်သည့် ကာဒီးလက်အစ်ကယ်လေ့ဒ် အက်စ်ယူဗွီမော်တော်ယာဉ် ရပ်နားရန် နေရာဦးပေးထားစဉ် အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ဆက်ပ်မော်တော်ယာဉ်က နေရာဝင်လုကာ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဘော်ဒွင်နှင့် အဆိုပါအမျိုးသားတို့ ကနဦးတွင် တွန်းထိုးမှုဖြစ်ပွားခဲ့ပြီးနောက် ဘော်ဒွင်သည် အသက် ၄၉ နှစ်အရွယ် အမျိုးသားကို ထိုးနှက်ခဲ့ခြင်းဖြစ်သည်။ ဘော်ဒွင်သည် ထိခိုက်နာကျင်စေမှုဖြင့် အမှုဖွင့်ခံခဲ့ရသော်လည်း တစ်စုံတစ်ဦးကိုမျှ ထိုးနှက်ခြင်းမပြုခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ဘော်ဒွင်သည် စနေနေ့ညတိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုဟာသအစီအစဉ်၌ သမ္မတဒေါ်နယ်ထရမ့်နေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ ဘော်ဒွင်ကံကောင်းပါစေဟု ဆုတောင်းပါကြောင်း ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။

ဘော်ဒွင်သည် ဒေါသကြီးမှုကြောင့် ယခင်ကလည်း ပြဿနာကြုံခဲ့ရပြီးဖြစ်သည်။ ၂၀၁၄ ခုနှစ် မေတွင် ဘော်ဒွင်သည် စက်ဘီးကို လမ်းပြောင်းပြန်နင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုခဲ့မှုကြောင့် အဖမ်းခံခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင်လည်း နယူးယောက်စီးတီးရှိ ဓာတ်ပုံဆရာတစ်ဦးနှင့် ငြင်းခုန်ရင်း လိင်တူဆန့်ကျင်ရေးစကားပြောဆိုခဲ့သည့်အတွက် MSNBC သတင်းဌာမှ တင်ဆက်သော အစီအစဉ်တွင် ပါဝင်ခွင့်ရပ်ဆိုင်းခံခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် ဘော်ဒွင်သည် လေယာဉ်ပေါ်တွင် ဖုန်းကိုပိတ်ထားခြင်းမပြုသောကြောင့် လေယာဉ်ပေါ်မှဆင်းရန် ညွှန်ကြားခံခဲ့ရသည်။