ဖလော်ရီဒါ ယောဂခန်းမတစ်ခု၌ သေနတ်သမားဝင်ပစ်ခတ် နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရပြီး သေနတ်သမားသတ်သေ

ဖလော်ရီဒါ ယောဂခန်းမတစ်ခု၌ သေနတ်သမားဝင်ပစ်ခတ် နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရပြီး သေနတ်သမားသတ်သေ

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မြို့တော်ရှိ ဈေးဝယ်ပလာဇာတစ်ခုရှိ ယောဂခန်းမတစ်ခုအတွင်း သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့၍ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကာ သေနတ်သမားလည်း ၄င်းကိုယ်၄င်း ပစ်ခတ်သတ်သေသွားခဲ့သည်။

နိုဝင်ဘာ ၂ ရက်ညက ဖြစ်ပွားခဲ့သည့် ယင်းပစ်ခတ်မှုတွင် ပစ်ခတ်သူမှာ အသက် ၄၀ အရွယ် စကော့ပေါလ် ဘိုင်းရဲလ်ဖြစ်ကြောင်း တဲ့လာဟာဆီရဲဌာနအကြီးအကဲက ပြောဆိုသည်။ ပစ်ခတ်ခံရ၍ သေဆုံးသူနှစ်ဦးမှာ ၆၁ နှစ်အရွယ် ဒေါက်တာ နန်စီဗန်ဗက်ဆမ်နှင့် ၂၁ နှစ်ရွယ် မော်ရာဘင့်ကလေဖြစ်ကြောင်း သိရသည်။ ဗက်ဆမ်သည် မြို့တော်ကျန်းမာရေးအစီအစဉ်မှ ဆေးပညာဆိုင်ရာညွန်ကြားရေးမှူးတစ်ဦးဖြစ်သည်။ ၄င်းသည် ဖလော်ရီဒါတက္ကသိုလ်တွင် သင်ကြားရေးတာဝန်လည်း ထမ်းဆောင်ခဲ့၍ ဘင့်ကလေသည် ၄င်း၏တပည့်တစ်ဦးဖြစ်သည်။

ရဲများသည် ပုံမှန်မဟုတ်သည့်အပြုအမူ မြင်ခဲ့ရခြင်းရှိမရှိ ယင်းပတ်ဝန်းကျင်တွင် လိုက်လံမေးမြန်းလျက်ရှိသည်။ ယင်းပလာဇာသည် ကျော်ကြားသည့် စားသောက်ဆိုင်များ၊ လက်ဝတ်ရတနာဆိုင်၊ ဆံပင်အလှပြင်ဆိုင်နှင့် အခြားစီးပွားရေး လုပ်ငန်းများလည်းရှိသည်။ သေနတ်သမားသည် တစ်ကိုယ်တော်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ပစ်ခတ်မှု ဖြစ်ပွားစေသည့် စေ့ဆော်မှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ပစ်ခတ်သူအသုံးပြုခဲ့သည့် သေနတ်အမျိုးအစားကိုပင် ရဲက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

တဲ့လာဟာစီတွင် ရာဇဝတ်မှုနှင့်လူသတ်မှုဖြစ်နှုန်းသည် မြို့အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအတွက် အရေးပါသည်။ ပြိုင်ဘက်များက တာလာဟာစီသည် ဖလော်ရီဒါတွင် ရာဇဝတ်မှုအထူထပ်ဆုံးမြို့ဖြစ်သည်ဟု ပြောဆိုထားပြီး ယင်းအဆိုမမှန်ကန်ကြောင့်း လက်ရှိမြို့တော်ဝန် ဂီလူယမ်က သက်သေပြရန် ကြိုးပမ်းနေချိန်ဖြစ်သည်။