မိမိတို့သည် လူသတ်သမားများမဟုတ်ကြကြောင်း ဗဟိုအမေရိကမှ ရွှေ့ပြောင်းခိုလှုံလိုသူများက သမ္မတဒေါ်နယ်ထရမ့်ကို ခွန်းတုံ့ပြန်

မိမိတို့သည် လူသတ်သမားများမဟုတ်ကြကြောင်း ဗဟိုအမေရိကမှ ရွှေ့ပြောင်းခိုလှုံလိုသူများက သမ္မတဒေါ်နယ်ထရမ့်ကို ခွန်းတုံ့ပြန်

ကြားဖြတ်ရွေးကောက်ပွဲကြို စည်းရုံးမှုများတွင် ရွှေ့ပြောင်းများအရေးနှင့်ပတ်သက်၍ ဝင့်ကြွားပြောဆိုနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဗဟိုအမေရိကဒေသမှ ထွက်ပြေးလာသည့်ရွှေ့ပြောင်းများက မိမိတို့သည် လူသတ်သမားများ မဟုတ်ကြကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

မက္ကဆီကိုနယ်စပ်သို့ တပ်များဖြန့်ချရန် အမိန့်ပေးထားသည့် သမ္မတထရမ့်က ရွှေ့ပြောင်းများသည် စစ်သည်များကို ခဲဖြင့်ပေါက်ပါက သေနတ်ဖြင့်ပြန်အပစ်ခံရမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကို တုံ့ပြန်ခဲ့ကြခြင်းဖြစ်သည်။

ဗဟိုအမေရိကနိုင်ငံများမှ ထွက်ခွာလာသည့်ရွှေ့ပြောင်း ၄၀ဝ၀ ခန့်သည် အနီးဆုံးအမေရိကန်နယ်စပ်နှင့် မိုင် ၈၀ဝ အကွာတွင်ရှိနေသေးသည်။

ဟွန်ဒူရပ်စ်မြို့တော်သူတစ်ဦးဖြစ်သူ မာတာဆူလော့စ်က ကျောက်ခဲတစ်ခဲသည် ရိုင်ဖယ်တစ်လက်နှင့် မတူညီကြောင်းပြောဆိုခဲ့သည်။ ၄င်းသည် ဟွန်ဒူရပ်စ်တွင်အိမ်တစ်လုံးပိုင်ဆိုင်ခဲ့သော်လည်း ရပ်တည်၍မရတော့သဖြင့် ညီမတစ်ဦးကိုစည်းရုံးပြီး အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်ပြီး ဘဝသစ်ထူထောင်လို၍ ခရီးသွားအုပ်စုဖြင့် လိုက်ပါလာကြောင်း ပြောဆိုခဲ့သည်။

၄င်းသည် လွန်ခဲ့သည့် ခုနစ်နှစ်က အမေရိကန်သို့တစ်ခေါက်ဝင်ရောက်ခဲ့ဖူးပြီး လွန်ခဲ့သည့်နှစ်ကမှ ပြန်ပို့ခံခဲ့ရသူလည်းဖြစ်သည်။

ရွှေ့ပြောင်းများအနက် အချို့သည် မက္ကဆီရဲများနှင့် ပဋိပက္ခဖြစ်ပွားခဲ့သော်လည်း အများစုသည် ယာဉ်များ သို့မဟုတ် ခြေလျင် အေးချမ်းစွာ ထွက်ခွာလာနေခြင်းဖြစ်သည်။ မိမိတို့သည် လူသားများသာဖြစ်၍ အားလုံးတူညီကြကြောင်း၊ အမေရိကန်ကို ရွှေ့ပြောင်းဝင်ရောက်လာသူများနှင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောဆိုခဲ့ကြသည်။

သမ္မတထရမ့်ကမူ လာရောက်နေသည့်ရွှေ့ပြောင်းများကို တားဆီးရန် တပ်များချထားသည့်အပြင် နယ်စပ်တွင် တဲမြို့ကြီးများအသွင် ထိန်းသိမ်းရေးစခန်းများ ပြုလုပ်ထားရှိရန်လည်း အဆိုပြုထားသည်။

အမေရိကန်ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က ပြည်တွင်းစစ်နှင့် ဂိုဏ်းဖွဲ့အကြမ်းဖက်မှုများသည် ရွှေ့ပြောင်းများ ခိုလှုံခွင့်ပြုရန် အကြောင်းချင်းရာအဖြစ် ကြာရှည်ဆက်ရှိတော့မည်မဟုတ်ဟု ဇွန်လက ပြောဆိုခဲ့သည်။ အမေရိကန်ဥပဒအရ ရွှေ့ပြောင်းများသည် ခိုလှုံခွင့်လျှောက်ထားခွင့်ရှိပြီး သမ္မတထရမ့်က ယခုလာနေသည့်ရွှေ့ပြောင်းများသည် ခိုလှုံခွင့်ရရှိမည် မဟုတ်ဟုပြောဆိုခဲ့သည်။