ကိုယ်လုံပညာနှင့်ပတ်သက်လျှင် ထာဝရနာမည်ကျော်ကြားသူဖြစ်သည့် ဘရုစလီနှင့် ကွန်ဖူးသရုပ်ဆောင် ဂျက်ကီချန်းတို့ကို စင်တင်ပေးခဲ့ပြီး နာမည်ကျော် ရုပ်ရှင် လိပ်နင်ဂျာရုပ်ရှင်ကို ထုတ်လုပ်ခဲ့သည့် ဟောင်ကောင်ရုပ်ရှင်ထုတ်လုပ်သူ ရေမွန်ချောင်သည် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။
ဘရုစလီနှင့် ချောင်တို့ ပထမဆုံးပူးပေါင်းရိုက်ကူးခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် ပြသခဲ့သည့် The Big Boss သည် ယင်းအချိန်က ရုံဝင်ငွေစံချိ်န်တင်ခဲ့သည်။ ချောင်သည် ၁၉၈၀ ပြည့်နှစ်များတွင် ဂျက်ကီချန်းကို အောင်မြင်မှုလမ်းပေါ်ရောက်အောင် မြေတောင်မြှောက်ပေးနိုင်ခဲ့သည်။
ဟောင်ကောင်ရုပ်ရှင်လုပ်ငန်း၏ခေါင်းဆောင်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရသည့် ချောင်သည် အငြိမ်းစားယူခဲ့သည့် ၂၀ဝ၇ ခုနှစ်မတိုင်မီအထိ ရုပ်ရှင် ၆၀ဝ ကျော်ကို ထုတ်လုပ်ခဲ့သည်။ ဖခင်ဖြစ်သူကို ယုံကြည်ခဲ့သည့်အတွက် ချောင်ကို ကျေးဇူးတင်ရှိပါကြောင်း ဘရုစလီ၏သမီး ရှန်နွန်က ပြောဆိုခဲ့သည်။
ချောင်သည် ဘရုစလီကို ကမ္ဘာကြီးနှင့်မိတ်ဆက်ပေးခဲ့သလို ဟောင်ကောင်ကိုလည်း ကမ္ဘာကြီးနှင့် မိတ်ဆက်ပေးခဲ့ကြောင်း ချောင်၏မိတ်ဆွေ ရောဘတ်ချူက စင်ကာပူရှိ စထရိတ်တိုင်းမ်သတင်းစာသို့ပြောဆိုခဲ့သည်။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်သို့ ချောင်၏ထည့်ဝင်သည်ပိုးမှုကို အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ပြောဆိုခဲ့သည်။
ချောင်ကို ၁၉၂၇ ခုနှစ်တွင် ဟောင်ကောင်၌ မွေးဖွားခဲ့ပြီး ရုပ်ရှင်လုပ်ငန်းသို့ မဝင်ရောက်မီတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ချောင်သည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Golden Harvest ကို လီယိုနတ် ဟိုကွန်း-ချွန်နှင့် ပူးတွဲတည်ထောင်ခဲ့သည်။ ချောင်သည် ဘရုစလီနှင့် First of Fury ၊ The Way of the Dragon တို့ကို ရိ်ုက်ကူးထုတ်လုပ်ခဲ့သည်။
၁၉၇၃ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် Enter the Dragon ကို ဟောလီဝုဒ်ရှိ ဝါနာဘရားသားစ်ကုမ္ပဏီနှင့်အတူ ပူးတွဲထုတ်လုပ်ခဲ့ပြီး ယင်းသည် ဟောင်ကောင်နှင့် ဟောလီဝုဒ်တို့ကြား ပထမဆုံးပူးတွဲထုတ်လုပ်သည့် ရုပ်ရှင်ဖြစ်ခဲ့သည်။ ချောင်သည် ၁၉၉၀ ပြည့်နှစ်များတွင် လိပ်နင်ဂျာရုပ်ရှင်အပါအဝင် ဟောလီဝုဒ်အတွက်လည်း ရုပ်ရှင်များထုတ်လုပ်ပေးခဲ့သည်။
ဟောင်ကောင်ရုပ်ရှင်လုပ်ငန်းအတွက် စွမ်းစွမ်းတမန်ထည့်ဝင်သယ်ပိုးခဲ့သည့်အတွက် ချောင်သည် ဟောင်ကောင်၌ အမြင့်ဆုံးဆုဖြစ်သည့် Gold Bauhinia Star ကို ၁၉၉၈ ခုနှစ်တွင် ချီးမြှင့်ခံခဲ့ရသည်။

















