မြိတ်ကျွန်းစုရေပြင်အတွင်း ကမ်းနီးဝန်း ကျင်၌ စည်းကမ်းမဲ့ ကမ်းဝေးငါးဖမ်းရေယာဉ် တချို့ ဝင်ရောက်ခိုးဆွဲနေမှုများရှိလာ၍ ကမ်းနီး ရေလုပ်သားများ လုပ်ငန်းဆက်လက်လုပ်ကိုင် နိုင်ရန် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
ကမ်းဝေးငါးဖမ်းရေယာဉ်များသည် မြိတ် ကျွန်းစုဒေသရှိ ဒေသခံပြည်သူများ၏ ကမ်းနီး ငါးဖမ်းလုပ်ကွက်များအတွင်း မကြာခဏ ဝင်ရောက်ခိုးဆွဲနေခြင်းကြောင့် ငါး၊ ပုစွန်များ ရှားပါးလာပြီး ကမ်းနီးငါးဖမ်းလှေငယ်များ လည်း တိုက်မှောက်ခံနေရသည့် ဖြစ်စဉ်များ ရှိသည်။
ပေါ်ပေါ်ထင်ထင်ဖမ်းဆီး
ကပကျေးရွာအုပ်စု ပရယ်ကျွန်းကျေးရွာ တာဝန်ခံ ကမ်းနီးရေလုပ်သား ဦးအောင်လင်း စိုးက "ပင်လယ်ပြင်မှာ ကမ်းဝေးလှေတွေဟာ ယနေ့အချိန်အထိ ဝင်ရောက်ခိုးဆွဲနေတာ ရှိနေတုန်းပါပဲ။ အခုရက်ပိုင်းမှာလည်း ကမ်း ဝေးနဲ့ဝိုင်းချုပ်လှေတွေ နေ့ခင်းကြောင်တောင် ပေါ်ပေါ်ထင်ထင် ဖမ်းဆီးနေတာ တွေ့ရပါ တယ်။ ဘယ်ဌာနကမှ ဖမ်းဆီးအရေးယူပေး တာမျိုး မတွေ့ရပါဘူး"ဟုပြောဆိုသည်။
ဆောင်ရွက်ပေးခြင်းမရှိ
ယင်းသို့ ကမ်းဝေးငါးဖမ်းရေယာဉ်များ ကမ်းနီးတွင် ဝင်ရောက်ခိုးဆွဲနေမှုကြောင့် ဒေသခံ ကမ်းနီးရေလုပ်သားများ အခြားနေရာ များသို့ ပြောင်းရွှေ့မှုများရှိလာကြောင်း ယင်း ကျေးရွာတာဝန်ခံထံမှ သိရသည်။
ယင်းသို့ ကမ်းဝေးငါးဖမ်းရေယာဉ်များ တရားမဝင် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ဒေသခံများစုပေါင်းပြီး မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနနှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့သို့ တင်ပြထား ကြသော်လည်း ယနေ့အချိန်အထိ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရ သည်။
















