ကျိုင်းတုံမြို့နယ်တွင် မသင်္ကာသူကို စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းနီးပါးကို သက်ဆိုင်ရာက သိမ်းဆည်းကာ အောက်တိုဘာ ၃ ရက်နေ့တွင် အမှုဖွင့်အရေး ယူခဲ့သည်။
နိုဝင်ဘာလ ၁ ရက် ညနေ ၆ နာရီ အချိန်တွင် ကျိုင်းတုံမြို့ ရပ်ကွက်(၁) အတွင်းရှိ ဟိုတယ်တစ်ခုအနီးမူးယစ်သတင်းအရ ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာဖွယ်တွေ့ရသူ ကျိုင်းတုံမြို့နယ်၊ ဟွေကွယ် ကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာနေ စိုင်းလာ(ခ)အိုင်လန် (၄ဝ နှစ်)ကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။
စစ်ဆေးချက်များအရ ၎င်း၏နေအိမ်ခြံဝင်း စပါးကျီအတွင်းဝှက်သိမ်းထားသည့် ဆာလာအိတ်ဖြင့်ထုပ်ထားသည့် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ဝဝဝ ပြား တန်ဖိုးသိန်း ၁၉၈ဝ ခန့်နှင့် ဘိန်းစိမ်း ၃ဝဝ ဂရမ် ကျပ် ၃ သိန်းဖိုးကို နိုဝင်ဘာ ၂ ရက် နံနက် ၂ နာရီ အချိန်တွင် သက်ဆိုင်ရာက သိမ်းဆည်းခဲ့သည်။
ထို့ပြင် နေအိမ်ရှေ့တွင်ရပ်ထားသည့် မော်တော်ယာဉ် ၁ စီး၊ အမေရိကန်ငွေ ၁ ဒေါ်လာ၊ တရုတ်ငွေ ၁ဝဝ ယွမ်၊ ကိုရီးယားငွေ ၁ဝဝဝ ဝမ်နှင့် လာအိုငွေ ၁ဝဝဝဝ ကစ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၈)ကျိုင်းတုံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်။

















