မိုးကောင်းမြို့တွင် ခယ်မဖြစ်သူအား သားမယားပြုကျင့်ခဲ့သည်ဆိုသူကို သက်ဆိုင်ရာက နိုဝင်ဘာ ၂ ရက်က အမှုဖွင့်အရေးယူထားသည်။
နိုဝင်ဘာ ၂ ရက်က မိုးကောင်းမြို့၊အလယ်ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးသည် နေအိမ်တွင်ရှိနေစဉ် အသက်(၁၃)နှစ်အရွယ် သမီးက နေမကောင်း၍ ကျောင်းမသွားသဖြင့် ဆေးရုံသို့ပြကြည့်ရာ ကိုယ်ဝန်လေးလရှိနေသည်ကို သိရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မေးမြန်းခဲ့ရာ ဇူလိုင်လအတွင်း ရက်မမှတ်မိသည့်နေ့က နေအိမ်၌တစ်ဦးတည်းရှိနေစဉ် အစ်မဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး နေအိမ်ပေါ်မှဆင်းနေသည့် အစ်မ၏ခင်ပွန်း အောင်ဇော်(ခ)အေးဂျိုး(၃၈)နှစ်ရောက်လာကာ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ တခြားသူများကို လျှောက်ပြောပါကရိုက်နှက်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး နောက်သုံးရက်ခန့်အကြာတွင် တစ်ကြိမ်ထပ်မံပြုကျင့်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
သမီးဖြစ်သူ၏ ပြောပြချက်အရသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
မိုးကောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။

















