လူသတ်ကာ မြေကျင်းတူးမြုပ်နှံအလောင်းဖျောက်ခဲ့သူသုံးဦးကို ဖမ်းမိ

လူသတ်ကာ မြေကျင်းတူးမြုပ်နှံအလောင်းဖျောက်ခဲ့သူသုံးဦးကို ဖမ်းမိ

ပဲခူးမြို့နယ်တွင် ယာခင်းအတွင်း အရက်အတူသောက်ရာမှ စကားများရန်ဖြစ်စဉ် လူသတ်ကာ မြေကျင်းတူးမြုပ်နှံအလောင်းဖျောက်ခဲ့သူသုံးဦးကို အောက်တိုဘာ ၃ ရက်တွင် သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။ 

နိုဝင်ဘာ၂ရက်နံနက်၉နာရီခန့်က ပဲခူးမြို့နယ်ဘုရားလေးကျေးရွာနေ ဦးမင်းမင်း ထိုက်သည် နေအိမ်တွင်ရှိနေစဉ် အစ်ကိုဝမ်းကွဲဖြစ်သူအောင်မိုးလွင် (၄၅)နှစ်၏ဇနီးရောက်လာပြီး ၎င်း၏ခင်ပွန်းပျောက်ဆုံးနေကြောင်း လာရောက်ပြောပြခဲ့သည်။ 

ဘုရားလေးကျေးရွာအရှေ့မြောက်လယ်ကွက်အတွင်းရှိ သခွားစိုက်ခင်းစောင့်နေသူ ခင်ပွန်းဖြစ်သူ ကိုအောင်မိုးလွင်ကို ထမင်းသွားပို့စဉ် ယာထဲတွင် မတွေ့ရဘဲ ဆောင်နှစ်ထည်၊ခေါင်းအုံးတစ်လုံးနှင့်အတူ ပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် လိုက်လံရှာဖွေခဲ့သည်။ 

ထိုသို့ရှာဖွေစဉ် ကိုအောင်မိုးလွင်နေထိုင်သည့်ယာတဲ၏ အရှေ့မြောက်ဘက် ကိုက် (၅၀ဝ)ခန့်အကွာဦးဖိုးပါ ၏လယ်ကွက်အတွင်း မြေများမို့မောက်နေပြီး အနက်ရောင် အမျိုးသားဝတ် ရှပ်အင်္ကျ ီ တစ်ထည်ကိုမသင်္ကာဖွယ်တွေ့ရှိခဲ့သည်။

ထို့ကြောင့် အဆိုပါမြေစာပုံကို တူးဖော်စစ်ဆေးခဲ့ရာ မြေစာပုံအောက်တွင် ဂွမ်းစောင်အစိမ်းပတ်ပြီး ထိုင်လျက်အနေအထားဖြင့် မေးစေ့အောက် လည်ပင်း ပြတ်ရှဒဏ်ရာရင်ညွန့်တွင်ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အစ်ကိုဖြစ်သူ၏အလောင်းကိုတွေ့ရှိသဖြင့် အစ်ကိုဖြစ်သူကို သတ်ပြီး မြေမြှုပ်ခဲ့သူများကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 

ဘုရားကြီးနယ်မြေရဲစခန်းက(ပ)၂၆၀/၁၈ ရာဇသတ်ကြီးပုဒ်မ၃၀၂/၂၀၁ အရ အမှုဖွင့် အရေးယူခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ဘုရားကြီးနယ်မြေရဲစခန်းမှူးရဲအုပ်ကျော်ဇောလင်းနှင့်အဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ နိုဝင်ဘာ ၃ ရက်နံနက်၄နာရီခွဲခန့်တွင် ဘုရားလေးကျေးရွာ၏ အရှေ့မြောက်ဘက်၆(မိ်ုင်)ခန့်အကွာလယ်ကွင်းထဲရှိလယ်တဲတွင် အမှုဖြင့် မသင်္ကာသူ ဘုရားလေးကျေးရွာနေ သန့်ဇင်(၃၀)နှစ်နှင့် ရဲမောင် (ခ) ရဲသူမောင် (၂၁ )နှစ် တို့ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ 

စစ်ဆေးချက်အရ ၄င်းတို့နှင့်အတူ သီဟ (ခ)ကရင်တို့ သုံးဦးပေါင်း၍ကျူးလွန်ခဲ့ ခြင်းဖြစ်ကြောင်း သိရပြီး သီဟ (ခ)ကရင် ကို မွန်းလွဲ၁နာရီတွင် သမန်းကုန်းနှင့် ဘုရားကြီးသွားသမန်းကုန်းလမ်းတွင် ထပ်မံ ဖမ်းဆီးခဲ့သည်။ ၎င်းတို့သုံးဦးနှင့် အောင်မိုးလွင် အရက်အတူသောက်ရာမှစကားများရန်ဖြစ်စဉ် ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး အလောင်းကို သယ်ဆောင်ကာ မြေကျင်းတူးမြုပ်နှံခဲ့ခြင်းဖြစ်သည်။ 

သက်ဆိုင်ရာကပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် ဓားဦးချွန်ဓားမြောင်သုံးချောင်း ဓားမတစ်ချောင်း ပေါက်တူးနှစ်လက်တို့ကို သိမ်းဆည်းကာ ဆက်လက်အမှုဖွင့်အရေးယူထားသည်။