အမေရိကန်ပြည်ထောင်စု ဝင်စကွန်ဆင်ပြည်နယ် အနောက်ပိုင်းတွင် နိုဝင်ဘာ ၃ ရက်က ရေမြောင်းများ သန့်ရှင်းရေးအတွက် အမှိုက်ကောက်လုပ်အားပေးနေသော ကင်းထောက်လူငယ်စုကို လမ်းပေါ်မှ ချော်ဆင်းလာသော ပစ်ကပ်ကားက ဝင်တိုက်မှုကြောင့် မိန်းကလေး သုံးဦး၊ လူကြီး တစ်ဦး သေဆုံးကာ၊ မိန်းကလေးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
အနက်ရောင် ဖို့ဒ် ပစ်ကပ်ကား မောင်းသူ အသက် ၂၁ နှစ်အရွယ် ကိုလ်တန် ရူသည် အခင်းဖြစ်ရာနေရာမှ ထွက်ပြေးသွားသော်လည်း နောက်ပိုင်းတွင် ရဲစခန်း၌ လာရောက်ဖမ်းဆီးခံခဲ့သည်ဟု လိပ်ခ်ဟယ်လီမြို့ ရဲတပ်ဖွဲ့က ပြောသည်။ ယာဉ်ကို အဆင်ခြင်မဲ့ မောင်းနှင်ကာ လူသေစေမှု ပုဒ်မ လေးခုဖြင့် မစ္စတာ ရူကို အမှုဖွင့်ထားသည်။
ယာဉ်ဖြင့် ဝင်တိုက်မှုဖြစ်ပွားရာ နေရာသည် မြင်ကွင်းရှင်းနေသော နေရာဖြစ်သောကြောင့် ကားသည် မည်သည့်အတွက်ကြောင့် လမ်းပေါ်မှ ချော်ဆင်းကာ တိုက်မိရသည်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ပစ်ကပ်ကားသည် မြောက်ဘက်ကို ဦးတည်မောင်းနှင်နေခြင်းဖြစ်ပြီး လမ်းတစ်ဖက်ခြမ်းကို အရှိန်လွန်ရောက်ရှိကာ ရေမြောင်းအတွင်း အမှိုက်ကောက်နေသော ကင်းထောက်လူငယ်များကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ မိန်းကလေးများမှာ လိင်ခ်ဟယ်လီမြို့နှင့် မလှမ်းမကမ်းရှိ ချစ်ပီဝါ ဖောမှမြို့မှဖြစ်သည်။ ကင်းထောက်လူငယ် မိန်းကလေးများသည် မြင်သာထင်သာရှိစေရန် ရောင်ပြန်ဝတ်စုံများလည်း ဝတ်ဆင်ထားသည်။
အခင်းဖြစ်ပွားရာမှာပင် မိန်းကလေး နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ တတိယမြောက် မိန်းကလေးသည် ဆေးရုံတွင် သေဆုံးခဲ့သည်။
နောက်ထပ်မိန်းကလေးတစ်ဦးသည်လည်း စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။ သေဆုံးသူများ၏ အမည်များကို ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

















