ပြင်သစ်ပိုင် နယူးကာလီဒိုနီယာဒေသ လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ

ပြင်သစ်ပိုင် နယူးကာလီဒိုနီယာဒေသ လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ

ပြင်သစ်၏ ပစိဖိတ်ပိုင်နက်နယ်မြေများထဲတွင် ပါဝင်သော နယူးကာလီဒိုနီယာဒေသသည် ပြင်သစ် လက်အောက်မှခွဲထွက်ကာ လွတ်လပ်ရေးယူသင့် မသင့်ကို နိုဝင်ဘာ ၄ တွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။

လွတ်လပ်ရေးအင်အားစုများက ပြင်သစ် ကိုလိုနီနှောင်ကြိုးအောက်မှ ရုန်းထွက်ကြရေး တိုက်တွန်းနှိုးဆော်ထားကြသည်။ 
ကြိုတင် သဘောထားစစ်တမ်းများအရကား မဲဆန္ဒရှင်အများစုက ပြင်သစ် လက်အောက်တွင် ဆက်လက်နေထိုင်လိုသည်။ 
နယူးကာလီဒိုနီယာသည် အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အဓိကကျသော နီကယ် အမြောက်အမြား ထွက်ရှိသဖြင့် ပြင်သစ်ကလည်း နိုင်ငံရေး၊ စီးပွားရေး ဗျူဟာ အချက်အချာကျသော ဒေသအဖြစ် ရှုမြင်ထားသည်။ 
"ပြင်သစ်လက်အောက်မှ ခွဲထွက်ကာ လွတ်လပ်ရေးယူမည်လား" ဟူသော မေးခွန်းကို မဲဆန္ဒရှင်များက ယူမည်၊ မယူပါ ဟူ၍ တစ်ခုခု ရွေးချယ်မဲပေးကြရမည်ဖြစ်သည်။
နယူးကာလီဒိုနီယာသည် သြစတြေးလျ အရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်းက ကျွန်းစုဒေသဖြစ်သည်။ လူဦးရေ ၂၇၈၅၀ဝ ဦးအနက် ဆန္ဒခံယူပွဲ မဲပေးခွင့်ရှိသူ ၁၇၅၀ဝ၀ ဦးရှိသည်။ 
မဲပေးခွင့်ရှိသူများအနက် ၂၇ ဒသမ ၁ ရာခိုင်နှုန်းသည် ဥရောပနွယ်ဖွား ပြင်သစ်နိုင်ငံသားများဖြစ်သလို၊ ဒေသခံ ကာနက်စ် လူမျိုးစုများထဲ၌လည်း ပြင်သစ်နှင့် ဆက်လက် လက်တွဲလိုသူ ရာခိုင်နှုန်းများကြောင်း သဘောထားစစ်တမ်းများက ဖော်ပြသည်။ 
နယူးကာလီဒိုနီယာ အစိုးရသည် ပြင်သစ်ထံမှ နှစ်စဉ် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ လက်ခံရရှိနေသည်။ ဂျီဘူတီ (၁၉၇၇) ၊ ဗန်နူရာတူ (၁၉၈၀) တို့သည်လည်း ပြင်သစ်လက်အောက်မှ ခွဲထွက်ကာ လွတ်လပ်ရေးရယူခဲ့ကြသည်။