ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်းနှင့်အတူ တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်နှင့် မလေးရှားအသင်းတို့၏ အပြီးသတ်ကစားသမားစာရင်းကို သက်ဆိုင်ရာအသင်းနည်းပြများက ထုတ်ပြန်ကြေငြာခဲ့ပြီဖြစ်သည်။
ရေပန်းအစားဆုံး
ဗီယက်နမ်အသင်းကို နည်းပြချုပ်အဖြစ် တောင်ကိုရီးယားလူမျိုး ပက်ခ်ဟန်ဆိုးက တာဝန်ယူထားပြီး နိုဝင်ဘာ ၃ရက်က ၎င်းထုတ်ပြန်ခဲ့သည့် အပြီးသတ်ကစားသမား ၂၃ဦးစာရင်းတွင် တိုက်စစ်မှူးအောင်သူနှင့် ခေတ်ပြိုင်ကစားသမား နာမည်ကြီး ကွင်းလယ်လူ ငုယင်ကွမ်ဟိုင် ပါဝင်လာခဲ့သည်။ ဗီယက်နမ်အသင်းတွင် ဟနွိုင်းအက်ဖ်စီအသင်းမှ ကစားသမား ၇ ဦးဖြင့် အများဆုံးပါဝင်လာခဲ့ပြီး အုပ်စုတွင်း၌ ဆီမီးဖိုင်နယ်တက်ရန် ရေပန်းအစားဆုံးအသင်းဖြစ်သည်။
ချန်လှပ်ခဲ့
ပြီးခဲ့သည့် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲ၌ မြန်မာအသင်း၏ နောက်ကောက်ချခြင်းကို ခံခဲ့ရသည့် မလေးရှားအသင်းကို နည်းပြချုပ်အဖြစ် မလေးလူမျိုး တန်ချန်ဟိုက တာဝန်ယူထားပြီး အပြီးသတ်စာရင်းကို နိုဝင်ဘာ ၄ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါစာရင်းတွင် နာမည်ကြီးကစားသမားများဖြစ်သည့် နောက်ခံလူ ဟစ်ဟန်း၊ ကွင်းလယ်လူ အဇမ်အက်ဘ်ဒူလ်နှင့် နော်ဒင်တို့ကို အပြီးသတ်ကစားစာရင်း၌ ချန်လှပ်ခံခဲ့ရသည်။ မလေးရှားလက်ရွေးစင်အသင်း၏ ကစားသမားအများစုမှာ ပြည်တွင်းကလပ်များမှ ကစားသမားများဖြစ်ကြပြီး ခြေစွမ်းပြနေသည့် လူငယ်ကစားသမားများလည်း ပါဝင်လာခဲ့သည်။
ထုတ်ပြန်မည်
ကာတာနိုင်ငံ၌ လေ့ကျင့်ခြေစမ်းနေသည့် မြန်မာအသင်းမှာ နိုဝင်ဘာ ၅ရက်(ယနေ့)နံနက်အစောပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး အပြီးသတ်ကစားသမားစာရင်းကို နိုဝင်ဘာ ၈ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။ မြန်မာအသင်းမှာ ဆူဇူကီးပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ဆီမီးဖိုင်နယ်သို့သာ တက်လှမ်းနိုင်ခဲ့ပြီး ဗီယက်နမ်နှင့် မလေးရှားအသင်းတို့မှာ ဆူဇူကီးဖလားကို တစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့သည်။















